ဟွန်ဒူးရပ်စ်တွင် ရာဇဝတ်ဂိုဏ်းများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံး

ဟွန်ဒူးရပ်စ်နိုင်ငံ၊ ယိုရိုပြည်နယ်ရဲ့ ယိုရီတိုကျေးလက်ဒေသမှာ သီးခြားတိုက်ခိုက်မှု ၄ ကြိမ် ဖြစ်ပွားပြီး အနည်းဆုံး လူ ၁၂ ယောက် သေဆုံးခဲ့ပြီးနောက် ယိုရိုပြည်နယ်အတွင်းက မြို့နယ်အားလုံးနဲ့ ပတ်ဝန်းကျင်ဒေသတွေကို အန္တရာယ်အလွန်များတဲ့ နယ်မြေတွေအဖြစ် အာဏာပိုင်တွေက နိုဝင်ဘာ ၁၈ ရက်မှာ သတ်မှတ် ကြေညာလိုက်ပါတယ်။
အဲဒီလို သတ်မှတ်လိုက်တာဟာ MS-13 ဂိုဏ်း၊ 18th Street ဂိုဏ်း၊ ကာတယ် ဒယ်ဒီယာဘလိုနဲ့ ပြည်သူ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ နောက်ထပ် ရာဇဝတ်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ချေမှုန်းဖို့ ဖြစ်တယ်လို့ လုံခြုံရေးဝန်ကြီး ဟာဆွန် အိုနန်ဗယ်လက်စ်ကက်ဇ် အာဂီလာရာက ပြောပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် လုံခြုံရေးတပ်တွေအနေနဲ့ နယ်မြေထိန်းချုပ်ရေး၊ စောင့်ကြည့်ရေးနဲ့ နယ်မြေပြန်သိမ်းရေး လုပ်ငန်းတွေကို အထူးအစီအမံတွေနဲ့ လုပ်ဆောင်ခွင့်ရသွားပြီ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ပြောခွင့်ရသူ အက်ဂါဒိုဘာရာဟိုနာရဲ့ ပြောပြချက်အရ တိုက်ခိုက်မှု ၃ ခုက ဗယ်လက်စီယို့စ်ရွာမှာ ဖြစ်ပြီး တခုက ဘောလုံးကွင်း၊ နှစ်ခုက အိမ်တွေမှာဖြစ်ကာ တနေရာကို ၃ ယောက်စီ သေဆုံးခဲ့ပါတယ်။
စတုတ္ထမြောက် တိုက်ခိုက်မှုကတော့ ပကာယာလက်စ်ရွာမှာဖြစ်ပြီး နောက်ထပ် ၃ ယောက် သေဆုံးခဲ့တာပါ။
အခုလို လက်နက်မဲ့ အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တာဟာ အင်မတန် လူယုတ်မာဆန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ခြေလျင်တပ်မှ ဗိုလ်မှူးကြီး ဟူလီယို အယ်လ်ဘာတို ရုဇ်က ပြင်းပြင်းထန်ထန် ရှုတ်ချ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ရှေ့နေချုပ်ရုံးနဲ့ လုံခြုံရေးအေဂျင်စီတွေ အားလုံးပူးပေါင်းပြီး ရှိသမျှ အရင်းအမြစ်တွေ အကုန်သုံးကာ တရားခံတွေကို အမြန်ဆုံးဖမ်းဆီးပြီး ဥပဒေရှေ့မှောက် ပို့ဆောင်သွားမယ်လို့ ဗိုလ်မှူးကြီး ရုဇ်က ဆိုပါတယ်။
တကယ်လို့ တပ်ဖွဲ့တွေကို ပြန်ရင်ဆိုင်လာရင်တော့ အပြတ်ရှင်းသွားမှာဖြစ်ပြီး ကျန်ရစ်သူ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်းနဲ့ တရားခံတွေကို မမိမချင်း အဆုံးသတ်မှာ မဟုတ်ကြောင်းလည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်မှုနဲ့ အလိုရှိနေတဲ့ “အယ်လ် ဒီယာဘလို” အမည်ရှိ အက်စ်တေဘန် ဂူမယ်စင်ဒို ဖယ်ရာ ရိုဒါ့စ်ကို ဖမ်းဆီးရမိစေမဲ့ သတင်းအချက်အလက် ပေးနိုင်သူကို လမ်ပီရာ ငွေ ၅ သန်း ဆုချီးမြှင့်မယ်လို့ ဖော်ပြထားတဲ့ ကြေညာချက်တစောင်ကိုလည်း နိုင်ငံလုံးဆိုင်ရာ ရဲတပ်ဖွဲ့က ထုတ်ပြန် ဖြန့်ဝေခဲ့ပါတယ်။
MS-13 နဲ့ 18th Street ဂိုဏ်းတွေဟာ ဟွန်ဒူးရပ်စ်နိုင်ငံနဲ့ တခြား ဗဟိုအမေရိက ဒေသတွေမှာ နှစ်ပေါင်းများစွာ လှုပ်ရှားကျက်စားလာခဲ့တဲ့ လမ်းပေါ်လူမိုက်ဂိုဏ်းတွေ ဖြစ်ကြပါတယ်။
Source: Reuters











