
၂၀၂၆ အောက်တိုဘာလအတွင်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၉ ယောက် သေဆုံးပြီး ၄၅ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက နို၀င်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကနေ ၄၇ ယောက်၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁ ယောက်၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၁ ယောက် သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမျိုးသမီး ၃၉ ယောက် စစ်အာဏာရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး လက်နက်ကြီးကြောင့် ၆ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၉ ယောက် ပါဝင်နေတယ်လို့ ထောက်ပြပါတယ်။
ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်ရင် ရခိုင်ပြည်နယ်မှာ အမျိုးသမီးသေဆုံးမှု အများဆုံး ဖြစ်ပြီး ၁၅ ယောက် သေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းက ၁၃ ယောက်နဲ့ ဒုတိယ၊ မကွေးတိုင်းက ၁၀ ယောက်နဲ့ တတိယနေရာမှာ ရှိနေတာပါ။
မန္တလေးတိုင်း ၅ ယောက်၊ ချင်းပြည်နယ် ၂ ယောက်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ် တို့တွင် ၁ ယောက်စီ သေဆုံးခဲ့ပါတယ်။
ဒီအရေအတွက်ဟာ တိကျခိုင်လုံရတဲ့ သတင်းမီဒီယာတွေရဲ့ သတင်းချက်အလက်တွေကို စောင့်ကြည့်လေ့လာ စုစည်းထားတာ ဖြစ်ပြီး မြေပြင်မှာတော့ သေဆုံးမှုတွေ ပိုမိုများပြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေတဲ့ လွတ်လပ်တဲ့ အမျိုးသမီးအဖွဲ့အစည်းတခု ဖြစ်ပါတယ်။











