
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ရုရှားနိုင်ငံက နိုဝင်ဘာ ၇ ရက်က ပြောခဲ့ပြီး၊ ယူကရိန်းဘက်က ရုရှားရဲ့ စစ်ဘက်စက်မှုလုပ်ငန်းဆိုင်ရာ နေရာတခုကို တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ရုရှားတပ်ဖွဲ့တွေက နေရာပေါင်း ၃၃ ခုမှာ ယူကရိန်း ထိုးစစ်တွေကို ပြန်တွန်းလှန်နိုင်ခဲ့ပြီး၊ နေရာပေါင်း ၁၃၉ ခုက ပစ်မှတ်အမျိုးမျိုးကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ နေ့စဉ် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရုရှားတပ်ဖွဲ့တွေက ကိယက်ဗ်မြို့က စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်း၊ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး မြေပြင်အခြေစိုက် တိကျမှု မြင့်တဲ့ လက်နက်တွေ၊ တိုက်ခိုက်ရေး ဒရုန်းတွေကို သုံးပြီး ကျယ်ပြန့်တဲ့ တိုက်ခိုက်မှုကြီးတွေ လုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရုရှားတပ်ဖွဲ့တွေက ပင်လယ်နက်ထဲမှာ ယူကရိန်းစစ်တပ်ကို ထောက်ပံ့ကူညီဖို့ သုံးနေတဲ့ ကုန်တင်သင်္ဘောတစင်းကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးဌာနချုပ်က ပြီးခဲ့တဲ့ တရက်တာအတွင်း ရှေ့တန်းစစ်မျက်နှာ တလျှောက် တိုက်ပွဲပေါင်း ၁၉၀ ဖြစ်ခဲ့တယ်လို့ အစီရင်ခံခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက ရုရှားစစ်သည်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ စုဝေးရာ နေရာတွေ၊ ဒရုန်းထိန်းချုပ်ရေးစခန်းတခုနဲ့ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းဆိုင်ရာ နေရာတခုတို့ကို တိုက်ခိုက် ခဲ့တယ်လို့ ပြောပါတယ်။
သောကြာနေ့ညကနေ စနေနေ့အထိ ကူးပြောင်းတဲ့ အချိန်အတွင်း ရုရှားနိုင်ငံက ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ ပတ်ဝန်းကျင်ဒေသတွေဆီ ပဲ့ထိန်းဒုံးကျည် ၃၆ စင်း နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေ၊ တခြား အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ယူကရိန်း သမ္မတ ဇလန်းစကီးက စနေနေ့မှာ ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ကိယက်ဗ်ဒေသမှာ ရစ်ဗ်နဲ့ ခမယ်လ်နစ်စကီ နျူကလီးယားဓာတ်အားပေးစက်ရုံတွေကို ကိယက်ဗ်မြို့တော်နဲ့ ယူကရိန်း အလယ်ပိုင်း ဒေသတို့ဆီ ချိတ်ဆက်ပေးထားတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံတခု ထိမှန်ပျက်စီးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် မြို့တော်က မြောက်ပိုင်းတံတား၊ လူနေအဆောက်အအုံတွေနဲ့ မူကြိုကျောင်းတကျောင်းတို့လည်း ပျက်စီးခဲ့ရပါတယ်။
လက်ရှိမှာ ကိယက်ဗ်မြို့တော်မှာ လျှပ်စစ်မီး၊ ရေနဲ့ အပူပေးစနစ်တွေ ပြတ်တောက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
Source: Reuters











