DVB Logo
Home
နိုင်ငံတကာ
ဂါဇာဆေးရုံကို အစ္စရေး တိုက်ခိုက်မှု အာရပ်နှင့် အစ္စလာမ်နိုင်ငံ ၁၈ နိုင်ငံက ရှုတ်ချ
DVB
·
November 15, 2026
Photo: REUTERS/Ramadan Abed
Photo: REUTERS/Ramadan Abed
Donate to DVB

 

ဂါဇာကမ်းမြောင်တောင်ပိုင်း ခန်းယူနစ်မြို့ရှိ နာဆာဆေးရုံအပေါ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို အာရပ်နဲ့ အစ္စလာမ်နိုင်ငံပေါင်း ၁၈ နိုင်ငံက နိုဝင်ဘာ ၁၄ ရက်မှာ  ရှုတ်ချလိုက်ပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် ကလေးတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ အပါအဝင် လူ ၂၀ ကျော် ဒဏ်ရာရခဲ့တာပါ။

ရှုတ်ချခဲ့တဲ့ နိုင်ငံတွေထဲမှာ အီဂျစ်၊ ကာတာ၊ ဆူဒန်၊ လစ်ဗျား၊ ပါလက်စတိုင်း၊ ဂျီဘူတီ၊ ဆိုမာလီယာ၊ အိုမန်၊ ဆော်ဒီအာရေဗျ၊ မော်ရီတေးနီးယား၊ ဂျော်ဒန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ တူရကီ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အယ်လ်ဂျီးရီးယား၊ ကူဝိတ်နဲ့ လက်ဘနွန်တို့ ပါဝင်ပါတယ်။

သူတို့ရဲ့ပူးတွဲကြေညာချက်ထဲမှာ ကြာသပတေးနေ့က တိုက်ခိုက်မှုဟာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတွေအတွက် အထူးကာကွယ်မှုကို အာမခံတဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။ 

အိုးမဲ့အိမ်မဲ့ပြည်သူတွေ အပါအဝင် ပါလက်စတိုင်း အရပ်သားတွေအပေါ် အစ္စရေးရဲ့ ဆက်လက်တိုက်ခိုက်မှုတွေကိုလည်း ရှုတ်ချခဲ့ပြီး ဒီလိုတိုက်ခိုက်မှုတွေဟာ အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာမှာ တည်ငြိမ်မှုကို ပြန်လည်ထူထောင်ရေး ကြိုးပမ်းချက်တွေကို ထိခိုက်စေတယ်လို့ သတိပေးခဲ့တဲ့အကြောင်းကိုလည်း ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

ဝန်ကြီးတွေက အစ္စရေးအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝလိုက်နာဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသဆီ လုံလောက်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အတားအဆီးမရှိ ပေးပို့ဖို့ အားပေးခဲ့တယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကစပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းလူမျိုး ၇၄,၆၉၅ ယောက် သေဆုံးပြီး ၁၇၆,၀၉၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ အပစ်အခတ်ရပ်စဲရေး အသက်ဝင်ခဲ့ပြီးတဲ့နောက်ပိုင်း တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၁,၆၄၃ ယောက် သေဆုံးပြီး ၅,၉၆၄  ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။ 

Source: Reuters 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013