
ကိုလံဘီယာနိုင်ငံမှာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ ဒါမှမဟုတ် မလျော်ကန်တဲ့ အပြုအမူတွေအတွက် ရဲတပ်ဖွဲ့ရဲ့ အရေးယူထိန်းသိမ်းမှု ခံယူခဲ့ရတဲ့ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နင်းတဲ့အနေနဲ့ နိုင်ငံခြားသား အယောက် ၈၀ ကို နိုဝင်ဘာ ၆ ရက်မှာ ဗင်နီဇွဲလားနိုင်ငံဘက် ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
ကိုလံဘီယာ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေ ထုတ်ပြန်တဲ့ ရုပ်သံမှာတော့ ဘိုဂိုတာမြို့မှာ ထိန်းသိမ်းခံထားရတဲ့ ဗင်နီဇွဲလား နိုင်ငံသားတွေဟာ သောကြာနေ့မှာ လေယာဉ်ပေါ် တက်ရောက်ခဲ့ကြပြီး၊ ကူးကူတာမြို့ကို ဆင်းသက်ပြီးတဲ့နောက် ဗင်နီဇွဲလား နယ်စပ်ဘက်သွားမဲ့ ဘတ်စ်ကားတွေပေါ် တင်ဆောင်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးကို ရဲတပ်ဖွဲ့၊ ဘိုဂိုတာ မြို့တော်ဝန်ရုံးတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ခိုးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လက်နက်/ဓားကိုင်ဆောင်မှုနဲ့ အများပြည်သူ အေးချမ်းသာယာမှုကို နှောင့်ယှက်တဲ့ ပြစ်မှုမှတ်တမ်း ရှိသူတွေကို အဓိက ပစ်မှတ်ထား နှိမ်နင်းခဲ့တာပါ။
ကူးကူတာမြို့ရဲ့ အစိုးရအတွင်းရေးမှူး ကာရောလီနာ အူဟွယ်တာ အာလ်ဗာရက်စ်ကတော့ ဒီလို ပြည်နှင်ဒဏ်ပေးခံရသူတွေကို ကူးကူတာနဲ့ လာဂွါဟီရာ အပါအဝင် ကိုလံဘီယာ နယ်စပ်အသီးသီးကို ပို့ဆောင်ပေးသွားမှာဖြစ်ပြီး၊ အဲ့ဒီကနေမှ ဗင်နီဇွဲလား အာဏာပိုင်တွေက သူတို့ရဲ့ မူလမြို့တွေဆီ ပြန်လည်ခေါ်ဆောင်သွားကြမယ်လို့ ပြောပါတယ်။
ဒီလို ပြည်နှင်ဒဏ်ပေးမှုဟာ ဘိုဂိုတာမြို့မှာ တရားမဝင် နေထိုင်နေကြတဲ့ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူ ၁၄၈,၀၀၀ ကျော်ရှိနေပြီး "ရှုပ်ထွေးတဲ့ အခြေအနေ" နဲ့ ရင်ဆိုင်နေရတယ်လို့ သမ္မတ ဒီလာ အက်စ်ပရီယဲလာ က ပြောဆိုခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Source: Reuters











