
နိုင်ဂျီးရီးယား ဘီလီယံနာသူဌေးကြီး အလီကိုဒန်ဂိုတီက ဂါနာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် ဂါနာနိုင်ငံရဲ့ သကြားနဲ့ ကိုကိုးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံသွားမယ်လို့ နိုဝင်ဘာ ၁၆ ရက်မှာ ကြေညာပါတယ်။
အလီကို ဒန်ဂိုတီက “ဒီရင်းနှီးမြှုပ်နှံမှုတွေကတဆင့် အလုပ်အကိုင်သစ် သောင်းနဲ့ချီ ဖန်တီးပေးနိုင်ဖို့ မျှော်မှန်းထား ပါတယ်။ ကျနော်တို့က သကြားလုပ်ငန်းကဏ္ဍကို ဝင်ရောက်လုပ်ကိုင်မှာဖြစ်ပြီး၊ ဒါက အလုပ်အကိုင် အများအပြား၊ လူဦးရေ ၅၀,၀၀၀ နီးပါးအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပါလိမ့်မယ်”လို့ ဂါနာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။
ကိုကိုးကဏ္ဍနဲ့ ပတ်သက်ပြီး ဒေသခံ တောင်သူလယ်သမားတွေကို ငွေကြေးထောက်ပံ့ခြင်း၊ ပျိုးပင်တွေ ပံ့ပိုးပေးခြင်းနဲ့ ထွက်ကုန်တွေအတွက် ဈေးကွက် အာမခံချက်ပေးခြင်းတို့နဲ့ ကူညီပံ့ပိုးသွားမယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် သူက “ဂါနာနိုင်ငံရဲ့ ဆန်ထုတ်လုပ်မှုကို မက်ထရစ်တန်ချိန် ၅ သိန်း ထပ်တိုးပေးနိုင်မဲ့ အလားအလာကို လေ့လာသွားမယ်လို့ ကတိပြုခဲ့ပြီး၊ ဒီကိစ္စရပ်အတွက် လိုအပ်မဲ့ ပမာဏနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ သဘောတူညီမှု ရယူဖို့ လိုနေပါတယ်။ ကျနော်တို့အနေနဲ့ အာဖရိကတိုက်ကြီးကို ကိုယ်စားသုံးတဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လာရင် ကိုယ်တိုင် ဖူလုံတဲ့ နေရာတခု ဖြစ်လာအောင် ကြိုးပမ်းနေပါတယ်”လို့လည်းပြောပါတယ်။
ကြေညာထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပြင်၊ ဒန်ဂိုတီက နိုင်ဂျီးရီးယားနိုင်ငံကနေ ဂါနာနိုင်ငံကို ဖြတ်သန်းပြီး အိုင်ဗရီကို့စ်နိုင်ငံအထိ ချိတ်ဆက်ပေးမဲ့ အရှည် ကီလိုမီတာ ၁,၀၀၀ လောက်ရှိတဲ့ လမ်းမကြီးတခု ဖောက်လုပ်ဖို့ကိုလည်း တိုက်တွန်းပြောပါတယ်။











