နိုင်ဂျီးရီးယားတွင် အသုဘပို့ လှေမှောက်ပြီး အနည်းဆုံး ၄ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံမှာ နိုဝင်ဘာ ၂၀ ရက်က လူပေါင်းရာချီ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ ဈာပနပို့ဆောင်ရေး စက်လှေတစင်း တိမ်းမှောက်ခဲ့တာကြောင့် အနည်းဆုံး ၄ ယောက်သေဆုံးကာ ၂၄ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
နိုင်ဂျီးရီးယားတောင်ပိုင်း ဘာယယ်လ်ဆာပြည်နယ်ထဲက အာယာမာရွာကနေ အူကူဘီအဲရွာကို ဦးတည် ခုတ်မောင်းလာတဲ့ အဲဒီလှေဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပွားကာ သောကြာနေ့ ဂရင်းနစ်စံတော်ချိန် (GMT) မနက် ၁၀ နာရီလောက်မှာ တိမ်းမှောက်သွားခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မူဆာ မိုဟာမက်က ပြောပါတယ်။
ဒီမတော်တဆမှုမှာ လူကြီး ၂ ယောက်နဲ့ ကလေး ၂ ယောက်သေဆုံးခဲ့သလို အသက်ရှင်ကျန်ရစ်သူ ၁၉ ယောက်ကိုတော့ ဒေသတွင်း ဆေးခန်းတခုမှာ ကုသမှုပေးခဲ့ပြီး ကျန် ၅ ယောက်ကို ပြည်နယ်မြို့တော် ယေနာဂိုအာက ဆေးရုံကို လွှဲပြောင်းပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရေကြောင်းရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသခံ ရေငုပ်သမားတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ တွေ ပူးပေါင်းပြီး နောက်ထပ် ထိခိုက်နစ်နာသူတွေ ရှိ၊ မရှိ ဆက်လက် ရှာဖွေကယ်ဆယ်နေကြ တယ်လို့ မိုဟာမက်က ဆိုပါတယ်။
မတော်တဆမှု ဖြစ်ပွားပြီးနောက် လှေမောင်းသူက ထွက်ပြေးသွားတဲ့အတွက် လှေစီမံခန့်ခွဲသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
လှေစက်ချို့ယွင်းလာချိန်မှာ ခရီးသည်တွေကကမ်းစပ်ကို ပြန်လှည့်ပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပေမဲ့ လှေမောင်းသူက ဆက်လက်မောင်းနှင်ခဲ့ရာကနေ အခုလို တိမ်းမှောက်သွားတာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးနေပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံရဲ့ ပြည်တွင်းရေလမ်းကြောင်းတွေမှာ လှေမတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မြစ်ဝှမ်းဒေမှာ နေထိုင်သူတွေဟာ လှေတွေပေါ် လူအလွန်အကျွံ တင်ဆောင်တာနဲ့ ဘေးကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတာတွေ အဖြစ်များနေတာ ဖြစ်ပါတယ်။
Source: Reuters











