
နိုင်ဂျီးရီးယားနိုင်ငံမှာ ထိန်းသိမ်းခံထားရဲ့ သတ္တုတူးဖော်သူ ၃၇ ယောက် သေဆုံးမှုဟာ အချုပ်မှာ လူဦးရေ အလွန်အကျွံများပြီး ဂရုမစိုက်လို့ ဖြစ်ခဲ့ရတာလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားလိုက်ပါ တယ်။
ပြီးခဲ့တဲ့လက နိုင်ဂျီးရီးယားနိုင်ငံမှာ တရားမဝင် သတ္တုတူးတယ်လို့ သံသယရှိသူ ၃၇ ယောက် ထိန်းသိမ်းခံထားရချိန်မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံအတွင်း ပြင်းထန်တဲ့ ကန့်ကွက်ရှုတ်ချမှုတွေ ပေါ်ပေါက်စေခဲ့တာကြောင့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ရ တာပါ။
ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုအရ ဖမ်းထားတဲ့ အချုပ် နေရာ ကျဉ်းကျပ်လွန်းတာ၊ လေဝင်လေထွက် မကောင်းမွန်တာနဲ့ ဂရုစိုက်မှု လစ်ဟာပြီး လျစ်လျူရှုခံရတာတို့ကြောင့် သေဆုံးခဲ့ရတာလို့ သိရပါတယ်။
ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးတာဆိုတဲ့ တာဝန်ရှိသူတွေရဲ့ အရင်ပြောဆိုချက်တွေကို ကော်မတီက ပယ်ချလိုက်ပြီး အောက်တိုဘာလ ၂၇ ရက် မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် သေဆုံးသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် လျော်ကြေးပေးဖို့နဲ့ သက်ဆိုင်ရာ အေဂျင်စီ (အဖွဲ့အစည်း) ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လည်း တောင်းဆိုပါတယ်။
ရွှေတူးဖော်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ ဆယ်ကျော်သက်လူငယ် အများအပြား ပါတဲ့ ဒီသေဆုံးမှုတွေက နိုင်ဂျီးရီးယားနိုင်ငံမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။
ထိန်းသိမ်းရေးစခန်းတွေက အခြေအနေတွေနဲ့ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေသူတွေကို ဆက်ဆံပုံတို့နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုအသစ်တွေကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီသေဆုံးမှုတွေက လုံးဝကာကွယ်တားဆီးနိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်ပြီး၊ နေရာကျဉ်းကျပ်လွန်းခြင်း၊ အခြေခံလိုအပ်ချက်တွေ မရရှိခြင်းနဲ့ သတိပေးချက်တွေကို လျစ်လျူရှုထားခြင်း တို့ကြောင့် ဖြစ်ပေါ်လာရတာလို့ ကော်မတီဥက္ကဋ္ဌ ဂျိုနသန် ကူရေက ပြောပါတယ်။
ထိန်းသိမ်းရေးမှတ်တမ်းတွေ၊ ရုပ်အလောင်း စစ်ဆေးတွေ့ရှိချက်တွေ၊ ဆေးရုံမှတ်တမ်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှု မှတ်တမ်းတွေ အပါအဝင် သက်သေအထောက်အထားတွေကို ကော်မတီက ပြန်သုံးသပ်ပြီးတဲ့နောက် ကူရေက ခုလို ပြောခဲ့တာပါ။
နိုင်ဂျီးရီးယားအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ (NSCDC) တာဝန်ရှိသူတွေကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။
Source: Reuters











