DVB Logo
Home
နိုင်ငံတကာ

ဟန်ဂေရီအစိုးရဝန်ကြီး ၁ ဦးနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုအတွင်း ဒေါ်လာ သန်း ၂၀ ခန့် ပြန်သိမ်းဆည်းရမိ

DVB
·
November 15, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဟန်ဂေရီနိုင်ငံရဲ့ လက်ယာယိမ်းခေါင်းဆောင်ဟောင်း ဗစ်တာ အော်ဘန်လက်ထက်မှာ ဝန်ကြီးတယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မစ်ကလော့စ်ဆက်စတက်နဲ့ ပတ်သက်တဲ့ လာဘ်ပေးလာဘ်ယူမှု စုံစမ်းစစ်ဆေးရေးအတွင်း ဟန်ဂေရီ အာဏာပိုင်တွေက ငွေသား ဒေါ်လာ သန်း ၂၀ နီးပါးကို ပြန်သိမ်းဆည်းရမိခဲ့ပါတယ်။

ငွေသားတချို့ကို တောအုပ်တွေထဲမှာ မြှုပ်နှံထားတာ ဒါမှမဟုတ် လယ်ယာအဆောက်အအုံတွေနဲ့ ဂိုဒေါင်တွေထဲမှာ ဝှက်ထားတာကို တွေ့ခဲ့ရတယ်လို့ ဘဏ္ဍာရေးဝန်ကြီး အန်ဒရပ်စ်ကာမန်က ပြောပါတယ်။ 

သိမ်းဆည်းရမိတဲ့ ငွေသား ပမာဏဟာ ယူရို ၁၅ ဒသမ ၃၃ သန်းနဲ့ ညီမျှတဲ့ ဟန်ဂေရီငွေကြေး ဖိုရင့် ၅ ဒသမ ၀၇ ဘီလီယံ ၊ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၃ သန်းခန့်) စတာလင်ပေါင် ၂ ဒသမ ၆၆ သန်းနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၆ သန်းတို့ ဖြစ်ပါတယ်။

ဒီငွေစက္ကူပမာဏကို ရေတွက်ဖို့ နိုင်ငံတော်ဘဏ္ဍာတိုက်က ဝန်ထမ်း ၁၂ ယောက်က ငွေရေတွက်စက် ၅ လုံးကို သုံးပြီး ၈ နာရီကြာ ရေတွက်ခဲ့ရပါတယ်။

၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ သမ္မတအော်ဘန်အစိုးရလက်ထက်မှာ ဖွံ့ဖြိုးရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆက်စတက်ကတော့ ဘာအမှားအယွင်းမှ ကျူးလွန်မထားဘူးလို့ ငြင်းပါတယ်။

သူ့ရှေ့နေ ဂါဘော်ပပ်က အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အီးမေးကတဆင့် တောင်းဆိုချက်ကို မတုံ့ပြန်ခဲ့ပါဘူး။

သိမ်းဆည်းရမိတဲ့ ငွေသားတွေက ဆက်စတက်နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ နောက်ပိုင်းမှာ ရှေ့နေ ပပ်ကဒေသတွင်း သတင်းဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Telex ကို ပြောပါတယ်။ 

ဒီလာဘ်ပေး လာဘ်ယူမှု အမှုကိစ္စမှာ တခြားသံသယရှိသူတွေလည်း ပါဝင်ပတ်သက်နေတယ်လို့ သူက ဖြည့်စွက်ပြောခဲ့ပါတယ်။

ဒီနှိမ်နင်းမှုဟာ ဝန်ကြီးချုပ် ပီတာမာဂျာ ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး ဒီလှုပ်ရှားမှုကို သန့်စင်ရေးစစ်ဆင်ရေးလို့ နာမည်ပေးထားပါတယ်။ 

အော်ဘန်ရဲ့ ၁၆ နှစ်ကြာ အုပ်ချုပ်မှု ကာလအတွင်း သူ့ရဲ့ လက်ယာယိမ်း ဖီဒက်စ်ပါတီနဲ့ ခရစ်ယာန် ဒီမိုကရက်မဟာမိတ်တွေ ဦးဆောင်တဲ့ "မာဖီးယားဂိုဏ်း"လိုမျိုး အဖွဲ့အစည်းတခု ရှိခဲ့တယ်လို့ ဝန်ကြီးချုပ် မာဂျာကပြောခဲ့ပြီး၊ ငွေသားတွေ ပြန်သိမ်းဆည်းရမိတာဟာ အဲဒီလိုအဖွဲ့အစည်းရဲ့ အဆုံးသတ်ကို ဖော်ပြနေတယ်လို့ ပြောပါတယ်။

ဧပြီလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားရေးဝါဒီ အော်ဘန်ကို ရာထူးကနေ ဖယ်ရှားနိုင်ခဲ့ပြီးတဲ့နောက်၊ ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် တည်ဆောက်မယ်လို့ မာဂျာက ကတိပြုခဲ့ပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကိုလည်း စလုပ်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013