
ဟန်ဂေရီနိုင်ငံမှာ တပါတီအုပ်ချုပ်ရေးခေတ်တုန်းက ပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ သုံးခဲ့တဲ့ သတင်းပေးကွန်ရက်ကြီးအကြောင်း ဖွင့်ချပြသဖို့ ကွန်မြူနစ်ခေတ် လျှို့ဝှက်ရဲတပ်ဖွဲ့ရဲ့ ဖိုင်ပေါင်း သောင်းနဲ့ချီကို "Open Dossiers" ဆိုတဲ့ အွန်လိုင်းဒေတာဘေ့စ်မှာ အများပြည်သူ ကြည့်နိုင်အောင် ဟန်ဂေရီအစိုးရက နိုဝင်ဘာ ၄ ရက်က စတင်ထုတ်ပြန်လိုက်ပါတယ်။
ကွန်မြူနစ်စနစ် ပြိုလဲပြီး ၃၆ နှစ်အကြာမှ အကောင်အထည်ဖော်ဖြစ်ခဲ့တဲ့ ဒီသမိုင်းဝင်ခြေလှမ်းဟာ အတိတ်က အာဏာရှင်စနစ်ရဲ့ အရိပ်မည်းတွေကို ပြည်သူတွေ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ဝန်ကြီးချုပ် ပီတာမဂ်ယာရဲ့ ကတိအတိုင်း ဆောင်ရွက်တာပါ။
၁၉၉၀ ပြည့်နှစ် စနစ်အပြောင်းအလဲတုန်းက ပေးခဲ့တဲ့ ဒီကတိကို အရင်အစိုးရတွေက မုသာဝါဒတွေနဲ့ ဖုံးကွယ်ခဲ့ကြပြီး ကျူးလွန်ခံရသူရော ကျူးလွန်သူတွေပါ သက်ရှိထင်ရှား ရှိနေစဉ်ကတည်းက လုပ်ခဲ့သင့်တာလို့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောသွားပါတယ်။
အခုအခါမှာတော့ နာမည်ပေါင်း ၆၀,၀၀၀ လောက်ကို အများပြည်သူသိအောင် တင်ပေးထားပြီးပါပြီ။
၁၉၅၆ ဆိုဗီယက်ဆန့်ကျင်ရေး အရေးတော်ပုံတုန်းကရော ၁၉၈၈-၁၉၈၉ ကွန်မြူနစ်စနစ် ပြိုလဲချိန်တုန်းကပါ ဖိုင်တွေ အမြောက်အမြား ဖျက်ဆီးခံခဲ့ရလို့ အချက်အလက်တွေ အပြည့်အစုံတော့ မရနိုင်တော့ပါဘူး။ နောက်ထပ်ဖိုင်တွေကိုတော့ ၂၀၂၇ ဖေဖော်ဝါရီလအထိ ဆက်လက် တင်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီမှတ်တမ်းတွေကြောင့် မိသားစုတွေနဲ့ လူ့အသိုက်အဝန်းတွေအနေနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆွေမျိုးတွေနဲ့ ပတ်သက်ပြီး နာကျင်ဖွယ် အချက်အလက်တွေကို ရင်ဆိုင်ရမှာမို့ စာနာစိတ်နဲ့ ဂုဏ်သိက္ခာရှိရှိ ကိုင်တွယ်ကြဖို့နဲ့ ဆွေးနွေးမေးမြန်းမှုတွေ လုပ်မှသာ ဒီစိတ်ဒဏ်ရာကို ကုစားနိုင်မယ်လို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် မော်ကွန်းတိုက် ညွှန်ကြားရေးမှူးကလည်း သတင်းပေးအဖြစ် ပါဝင်ခဲ့သူတွေကို တန်းပြီး အပြစ်မတင်ဘဲ နောက်ကွယ်က အကြောင်းရင်းတွေနဲ့ ဖိအားတွေကို နားလည်အောင် ကြိုးစားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
စစ်အေးတိုက်ပွဲကာလတုန်းက အရှေ့ဥရောပ လျှို့ဝှက်ရဲတပ်ဖွဲ့တွေဟာ ပြည်သူတွေကို ခြိမ်းခြောက်တာ၊ အကျပ်ကိုင်တာနဲ့ ဆုလာဘ်ပေးတာတွေနဲ့ သတင်းပေးအဖြစ် စည်းရုံးခဲ့ကြတာပါ။
ဝန်ကြီးချုပ်ဟောင်း ဗစ်တာ အော်ဘန်ကလည်း သူ စစ်မှုထမ်းနေစဉ်တုန်းက သတင်းပေးလုပ်ဖို့ စည်းရုံးတာကို ငြင်းဆန်ခဲ့တာကြောင့် နောက်ပိုင်းမှာ ရဲတွေရဲ့ အထူးစောင့်ကြည့်မှု ခံခဲ့ရတယ်လို့ အင်္ဂါနေ့က ထုတ်ဖော်ပြောပါတယ်။
Source: Reuters











