
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ဝက်စုကျေးရွာမှာ လယ်ကွင်းအတွင်း ဘက်ထရီရှော့ခ်တိုက်ကျဉ်စက်နဲ့ ငါးဖမ်းနေတဲ့ အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
သေဆုံးသူဟာ ဝက်စုကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် ဦးချစ်စန်းမောင် ဖြစ်ပြီး နိုဝင်ဘာ ၈ ရက် မနက်ပိုင်းက လယ်ကွင်းအတွင်း ဘက်ထရီရှော့ခ်တိုက်ကျဉ်စက်နဲ့ ငါးဖမ်းနေချိန် ဓာတ်လိုက်သေဆုံးခဲ့တာလို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ ညာဘက်တံတောင်ဆစ်မှာ ညိုမည်းဒဏ်ရာနဲ့ လက်မောင်းနှစ်ဖက်မှာ ပွန်းပဲ့ဒဏ်ရာတွေ တွေ့ရှိခဲ့ရပြီး မှောက်လျက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတယောက်က “လယ်ကွင်းထဲမှာ သေဆုံးနေတာကို လယ်သမားတယောက်က စတွေ့တာပါ။ ရဲတွေလည်း လာရောက်စစ်ဆေးသွားတယ်။ ဘက်ထရီရှော့ခ်တိုက်ကျဉ်စက်နဲ့ ငါးဖမ်းနေချိန် ဓာတ်လိုက်သေဆုံးခဲ့တာ ဟုတ်ပါတယ်” လို့ ပြောပါတယ်။
သေဆုံးသူ ဦးချစ်စန်းမောင်ရဲ့ ရုပ်အလောင်းကို ကျည်တောင်ကျေးရွာ နာရေးကူညီမှုအသင်းယာဉ်နဲ့ မနက် ၁၀ နာရီခွဲမှာ နေပြည်တော် ခုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဓာတ်လိုက်သေဆုံးမှုနဲ့ပတ်သက်လို့ ရေဆင်းနယ်မြေရဲစခန်းမှာ သေမှုသေခင်းဖွင့်လှစ်ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။











