DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ရောက်
DVB
·
November 12, 2026
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ရောက်
Donate to DVB

ထိုင်းအစိုးရ ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဆီဟဆတ် ဖွန်ကတ်ကယောက်ဟာ နိုဝင်ဘာ ၁၂ ရက် ဒီကနေ့ မြန်မာနိုင်ငံ နေပြည်တော်မှာ ရောက်ရှိနေတယ်လို့ NBT ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဟာ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေတဲ့ ကိစ္စတွေနဲ့ မြစ်ရေညစ်ညမ်းမှုကိစ္စတွေနဲ့ပတ်သက်ပြီး စစ်အာဏာရှင်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော်ကို ရောက်လာတာပါ။ 

ဆီဟာဆက်ဟာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့နဲ့ တွေ့ဆုံဖို့ရှိပြီး မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု၊ ဒေသတွင်း တည်ငြိမ်မှု ကိစ္စတွေကိုလည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတွေမှာ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုရှိနေတဲ့ ထိုင်းနယ်စပ်အနီးက စစ်ဆင်ရေးတွေ၊ ထိုင်းကုန်တင်ပို့သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ စံချိန်စံညွှန်းထက် ညစ်ညမ်းမှု ပိုများနေတဲ့ ကော့မြစ်နဲ့ ဆိုင်မြစ်တွေက ရေညစ်ညမ်းမှု ကိစ္စရပ်တွေ အဓိက ပါဝင်မှာပါ။

ထိုင်းကိုယ်စားလှယ်အဖွဲ့မှာ ဒုကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချစ်ချနော့ နုချယာ၊ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ချိုင်ဖရက် ဒေါင်ပရာဖတ်နဲ့ တတိယစစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝရထက် ဘွန်ညာတို့ လိုက်ပါသွားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိကြီးတွေလည်း လုံခြုံရေး၊ စီးပွားရေးနဲ့ သံတမန်ရေးရာ ဆွေးနွေးပွဲတွေကို ကူညီဖို့ ဒီခရီးစဉ်မှာ ပါဝင်ကြပါတယ်။

ဒီခရီးစဉ်ဟာ အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလိုမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေနဲ့ တင်းမာမှုတွေ လျှော့ချဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့  တိုက်တွန်းသွားမှာပါ။

ဒီဆွေးနွေးပွဲတွေဟာ မြန်မာနိုင်ငံ အခြေအနေအပေါ် အာဆီယံရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြဖို့နဲ့ ထိုင်း-မြန်မာ ၂ နိုင်ငံစလုံးအပေါ် သက်ရောက်မှုရှိနေတဲ့ ကိစ္စရပ်တွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့အတွက် အခွင့်အရေးတရပ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက် တိုက်ပွဲတွေ၊ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးကျည်တွေ ထိုင်းပိုင်နက်ထဲ ကျရောက်ပြီး ထိုင်းပြည်သူအချို့ ထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးမှု ဖြစ်စေတာတွေကိုလည်း စိုးရိမ်ပူပန်နေပါတယ်။

နယ်စပ်ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး အဟန့်အတားဖြစ်မှုတွေ၊ အထူးသဖြင့် မဲဆောက်-မြဝတီ လမ်းကြောင်းပေါ်က ကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားမှာပါ။ 

နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ထားပေမဲ့ လုံခြုံရေး စိုးရိမ်ရတာတွေနဲ့ မြန်မာနိုင်ငံရဲ့ သွင်းကုန်လိုင်စင် လိုအပ်ချက်တွေဟာ ကုန်သွယ်ရေးကို ဆက်လက်အဟန့်အတားဖြစ်စေပြီး နိုင်ငံတွင်းမှာ လည်ပတ်နေတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းတွေကို သက်ရောက်မှုရှိနေတယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်း တူးဖော်ရေးလုပ်ငန်းတွေက ထွက်လာတဲ့ ရေဆိုးတွေကြောင့် ကော့မြစ်နဲ့ ဆိုင်မြစ်ရဲ့ ရေအရည်အသွေးဟာ သိသိသာသာဆိုးရွား ညစ်ညမ်းလာတဲ့ ကိစ္စလည်း ဆွေးနွေးကြဖို့ရှိပါတယ်။

Source: NBT/ Bangkokpost 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013