
ထိုင်းအစိုးရ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဆီဟဆတ် ဖွန်ကတ်ကယောက်ဟာ နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်ကို တရက်တာသွားရောက်ပြီး စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတလျှောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြစ်ချောင်းတလျှောက် ရေကြီးရေလျှံမှုတွေ မဖြစ်ပေါ်စေရေး၊ မြစ်ရေညစ်ညမ်းမှုမရှိစေရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ကုန်သွယ်ရေး၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာပြည်တွင်းငြိမ်းချမ်းရေးနဲ့ ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ လည်း မနေ့မနက်ပိုင်းက သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ နှစ်နိုင်ငံအစည်းအဝေး ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာလည်း နယ်စပ်ဒေသတည်ငြိမ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ကဏ္ဍ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကိစ္စအပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမဲ့ ကိစ္စရပ်တွေနဲ့ အာဆီယံမှာ နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ဆက်လက်ပံ့ပိုးမှာဖြစ်ကြောင်း၊ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေး၊ မြစ်ရေညစ်ညမ်းမှုအပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စတွေ၊ စွမ်းအင်ကဏ္ဍအပါအဝင် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ရေး၊ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေး၊ သွင်းကုန်ဆိုင်ရာကိစ္စရပ်တွေ အလေးထားဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာ နယ်စပ်တလျှောက် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို မြှင့်တင်ဖို့ အရေးကြီးကြောင်းကိုလည်း နှစ်ဖက်စလုံးက အလေးထား ပြောဆိုခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနကလည်း သတင်းထုတ်ပါတယ်။
ထိုင်းဘက်က နယ်စပ်တလျှောက် နေထိုင်ကြတဲ့ ထိုင်းပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ အလေးပေးပြောကြားခဲ့ပြီး ထိုင်းဘက်ခြမ်းမှာ နေထိုင်တဲ့ ပြည်သူတွေအပေါ် ထိခိုက်မှုမရှိစေရေးအထူးဂရုပြု ဆောင်ရွက်ပေးဖို့ မြန်မာဘက်ကို တိုက်တွန်းခဲ့သလို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်းရေးတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ နှစ်ဖက်သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ထိုင်းဘက်က နယ်စပ်ဖြတ်ကျော် လေထုနဲ့ ရေထုညစ်ညမ်းမှု ပြဿနာတွေ၊ အထူးသဖြင့် နှစ်နိုင်ငံလုံးက ပြည်သူတွေကို ထိခိုက်စေတဲ့ မြစ်ချောင်းညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းဖို့ အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။
ဒီပြဿနာကိုလက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့အတွက် နယ်စပ်နဲ့ နယ်စပ်ဖြတ်ကျော် မြစ်ချောင်းများ ရေအရည်အသွေး စီမံခန့်ခွဲမှု ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပသွားဖို့ နှစ်ဖက်သဘောတူခဲ့ကြပါတယ်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အထူးသဖြင့် ကုန်သွယ်ရေးနဲ့ နယ်စပ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ အလုပ်သမားရေးရာ စီမံခန့်ခွဲမှုနဲ့ စွမ်းအင်ဖူလုံရေး ကဏ္ဍတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
နောက်ဆုံးအနေနဲ့ ထိုင်းဘက်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထောက်ခံကြောင်းနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေကို အားပေးထောက်ခံကြောင်း ထပ်လောင်း အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဆက်လက်ဖော်ဆောင်ဖို့၊ အထူးသဖြင့် အကြမ်းဖက်မှုတွေ လျှော့ချဖို့ (အရပ်သားပြည်သူတွေအပေါ် ထိခိုက်မှု လျှော့ချဖို့) နဲ့ အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေဖို့ ဆက်လက်လုပ်ဆောင်သွားဖို့ကိုလည်း ထိုင်းဘက်က တိုက်တွန်းအားပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေဝန်ကြီးနဲ့အဖွဲ့ဟာ စစ်အာဏာရှင်လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ထိုင်းကိုယ်စားလှယ်အဖွဲ့ထဲမှာ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်၊ ဒု ကာကွယ်ရေးဦးစီးချုပ်၊ အမှတ် (၃) စစ်တိုင်းမှူးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိကြီးတွေလည်း လိုက်ပါသွားပြီး ညနေ ပိုင်းမှာ နေပြည်တော်ကနေ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ပြန်လည်ထွက်ခွာသွားပါတယ်။











