မြို့နယ် ၄ ခုတွင် ငွေကျပ် ၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၄ ခုမှာ ငွေကျပ် ၅ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စိတ်ကြွ ဆေးပြား ၁၉ သိန်းခွဲနဲ့ ဘိန်းဖြူ ၄၈ ကီလိုကျော်ကို ကွင်းဆက်အလိုက် ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC) က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၈ ရက်ကနေ နိုဝင်ဘာ ၁၇ ရက်နေ့အထိ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ အမရပူရ မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်မှာ မူးယစ်ဆေးဝါတွေကို ဆက်တိုက်ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့ ညနေပိုင်းမှာ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ) ရပ်ကွက်က မနှင်းနှင်းဦး (ခ) ဂျပန်မရဲ့ နေအိမ်ကနေ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို စတင်ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။
အဲဒီကနေ ကွင်းဆက်လိုက်ရင်း ပုသိမ်ကြီးမြို့နယ်မှာ ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုနဲ့ အမရပူရမြို့နယ်မှာ ဘိန်းဖြူ ၂၂ ကီလို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ကလေးမြို့နဲ့ ပြင်ဦးလွင်မြို့တွေအထိ လိုက်လံ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလဆန်းပိုင်းမှာတော့ ပြည်ကြီးတံခွန်မြို့နယ်ထဲ စိတ်ကြွဆေးပြား ၁ သိန်းကို စတင်မိခဲ့ပြီး ကွင်းဆက်အရ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာအနီးမှာ ကလေးမြို့ကို ပို့ဖို့ ဝှက်ထားတဲ့ စိတ်ကြွ ဆေးပြား ၁၈ သိန်းခွဲကို ထပ်မံ သိမ်းဆည်းရမိခဲ့တာပါ။
နိုဝင်ဘာ ၁၇ ရက်နေ့ အမရပူရမြို့နယ်၊ ရှားတောလေးရွာအနီးမှာ ကင်တာကားပေါ်ကနေ ဘိန်းဖြူ ၂၂ ကီလိုကို နောက်ထပ် ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီဖမ်းဆီးမှုတွေအတွင်း စိတ်ကြွဆေးပြား စုစုပေါင်း ၁၉ ဒသမ ၅ သိန်း၊ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုနဲ့အတူ ပါဝင်ပတ်သက်သူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၉ ယောက်ကို မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၃ စီး၊ သုံးဘီးယာဉ် ၁ စီးတို့နဲ့အတူ ရရှိတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
မူးယစ်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ ဒါတွေကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းကနေ မန္တလေးကို သယ်ဆောင်လာပြီး အဲဒီကနေတဆင့် စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကို ဆက်လက် ပို့ဆောင်ရောင်းဝယ်နေတာလို့ သိရပါတယ်။
လက်ရှိမှာတော့ အဓိက ခိုင်းစေသူတွေဖြစ်တဲ့ တမူးမြို့နေ လားရီအဲ(ခ)သားကြီး နဲ့ ဖယ်ခုံမြို့နယ်နေ တင်ဝင်း(ခ)ကံဦး တို့ကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးဥပဒေအရ အရေးယူထားသလို မူးယစ်ဆေးဝါးကနေ ရရှိထား တဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကိုပါ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ဖို့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဆက်လက်အရေးယူနေတယ်လို့ CCDAC က ထုတ်ပြန်ထားပါတယ်။











