
ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ဖန်းမြို့နယ်ထဲမှာ အိုက်စ်မူးယစ်ဆေး အလေးချိန် ၂၈၅ ကီလိုဂရမ် သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတယောက် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက် ၁ နာရီခွဲလောက်က ဖန်းမြို့နယ် ပူကိုင်းစစ်ဆေးရေးဂိတ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် သံသယရှိ အပြာရောင် ဟိုင်းလပ်စ်ကားတစီးကိုပါ တားဆီးစစ်ဆေးခဲ့တယ်။
ယာဉ်မောင်းမှာ မြန်မာနိုင်ငံသား ဇော်ရဲမင်းထွန်း ဖြစ်ပြီး ကားရဲ့ နောက်ခန်းမှာ ဆာလာအိတ် ၉ အိတ် တင်ဆောင်လာပါတယ်။ တာဝန်ရှိသူတွေက အဆိုပါအိတ်ကို ဖောက်ဖွင့်စစ်ဆေးရာမှာတော့ အထဲမှာ အိုက်စ်မူးယစ်ဆေးတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အိတ် ၆ လုံးထဲမှာ အိုက်စ်စိတ်ကြွမူးယစ်ဆေး အလေးချိန် ၃၂ ကီလိုဂရမ်စီနဲ့ စုစုပေါင်း ၁၉၂ ကီလိုဂရမ်ကိုလည်းကောင်း၊ နောက်ထပ် ၃ အိတ်ထဲမှာ တအိတ်ကို အိုက်စ်အလေးချိန် ၃၁ ကီလိုဂရမ်စီနဲ့ စုစုပေါင်း ၉၃ ကီလိုဂရမ်ကို လည်းကောင်း၊ အားလုံး စုစုပေါင်း အိုက်စ်အလေးချိန် ၂၈၅ ကီလိုဂရမ် သိမ်းဆည်းရမိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယာဉ်မောင်းနဲ့တကွ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးတွေအားလုံးကို မူးယစ်ဆေးဝါးမှုနဲ့ အရေးယူဖို့ ဖန်းမြိုနယ် ရဲစခန်းမှာ ထိန်းသိမ်းထားပြီး နောက်ထပ် ပါဝင်ပတ်သက်နေတဲ့ ကွင်းဆက်တရားခံတွေလည်း စစ်ဆေးဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။
အလားတူ ဒီမနက် ၄ နာရီ မိနစ် ၅၀ မှာလည်း မယ်ဆိုင်မြို့၊ ကော်ချန့်အုပ်စု၊ ဘန့်ဆရီချိုင်းယဖုမ်းရွာအနီးမှာ ထိုင်းစစ်တပ် ကင်းလှည့် တပ်ဖွဲ့နဲ့ မူးယစ်ဆေးသယ်ဆောင်သူ ၅-၆ ယောက်ကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဆာလာအိတ် ၇ လုံးထဲ ထည့်ထားတဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၂၆၁ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
မူးယစ်သယ်ဆောင်တဲ့ အဖွဲ့ကတော့ မှောင်ရိပ်ခိုပြီး မြန်မာဘက်ကမ်းကို ပြန်လည်ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ မယ်ဆိုင်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။
Source: Maesaipress / North Now











