DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် တရားမဝင်ဆေးခြောက်လုပ်ငန်းမှ  မြန်မာအပါအဝင် ၁၄ ဦး ဖမ်းဆီးခံရ 
DVB
·
November 3, 2026
Photo: Matichon
Photo: Matichon
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ခလောင်းဆာမ်ဝါးနယ်မြေထဲမှာ တရားမဝင် ဆေးခြောက်ထုတ်လုပ်ငန်းတခုကို ဝင်ရောက်စီးနင်းပြီး မြန်မာ အပါအဝင် နိုင်ငံခြားသား ၁၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က နိုဝင်ဘာ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဘန်ကောက် ခလောင်းဆာမ်ဝါးနယ်မြေ ခလောင်းဆာမ်ဝါးတဝမ်းတုတ်ရပ်ကွက်က ကုမ္ပဏီတခုဟာ ဆေးခြောက်တွေ တရားမဝင် ထုတ်လုပ်နေကြောင်း စုံစမ်းသိရှိရတာကြောင့် အမှတ် ၁ တိုင်းဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တိုင်းရင်းဆေးကြီးကြပ်ရေးဌာန၊ နိမစ်မိုင်နယ်မြေရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့အတူ အောက်တိုဘာ ၃၁ ရက်က အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့  အမှတ် ၁ တိုင်းဒေသ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဆစ်ထိချိုင်း ခိမ်ကလတ်က ပြောပါတယ်။

အဆိုပါနေရာရှိ ဂိုဒေါင်ထဲကနေ  ဆေးခြောက်ပျိုးပင်ပေါက်တွေ၊ ဆေးခြောက်ပွင့်တွေနဲ့ အတူ အိုက်စ်နဲ့ ယာဘစိတ်ကြွမူးယစ်ဆေးတွေပါ တွေ့ရှိပြီး ဂိုဒေါင်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ၁၄ ယောက်ကို ဖမ်းဆီးရမိတယ်၊ အဲဒီထဲမှာ ဗီယက်နမ်နိုင်ငံသား ၂ ယောက်က ဦးဆောင်သူ ဖြစ်ပြီး တယောက်က မူးယစ်ဆေးမှုနဲ့ ဗီယက်နမ်အစိုးရရဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူလို့ ဆိုပါတယ်။

ကျန် နိုင်ငံခြားသား ၁၂ ယောက်ထဲမှာ မြန်မာနိုင်ငံသား အများစုပါဝင်ပြီး အထောက်အထားမရှိသူ၊ အလုပ်သမားမှတ်ပုံတင်မရှိသူ၊ နေထိုင်ခွင့်ဗီဇာ သက်တမ်းကုန်ဆုံးသူတွေ ပါဝင်ပါတယ်။

တာဝန်ရှိသူတွေက သူတို့အားလုံးကို ဖမ်းဆီးပြီး နိမစ်မိုင်နယ်မြေရဲစခန်း စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ထံ အပ်နှံထားပါတယ်။

ဒါ့အပြင် အဆိုပါလုပ်ငန်းနောက်ကွယ်မှ အဓိက ကြိုးကိုင်ညွှန်ကြားသူနဲ့  ကုမ္ပဏီကို ထိုင်းနိုင်ငံသား အမည်ငှားပြီး တည်ထောင်ထားခြင်း ရှိ၊ မရှိ ဆက်လက်စစ်ဆေးအရေးယူသွားမယ်လို့  ထိုင်းလဝကရဲမှူးက ပြောပါတယ်။ 

Source:  Police TV / Matichon News 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013