
စစ်ကိုင်းတိုင်း၊ ကန့်ဘလူတိုက်ပွဲမှာ စစ်အာဏာရှင်တပ်က စစ်သားတွေကို မူးယစ်ဆေးကျွေး စစ်တိုက်ခိုင်းပြီး မတိုက်သူတွေကို အချင်းချင်း ပစ်မိန့်ပေးထားတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၆ ရက်က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို တာဝန်ရှိသူတွေရဲ့ စစ်ဆေးမေးမြန်းချက်အရ သိရတာလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်မှာ အထက်အရာရှိတွေက စစ်သားတွေကို မူးယစ်ဆေး သုံးစွဲခိုင်းပြီး တိုက်ပွဲ အတွင်း အရှေ့ကို တက်ခိုင်းတာကို မလိုက်နာရင် ပစ်မိန့်ပေးခိုင်းထားတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။
အထိနာနေတဲ့ စစ်အာဏာရှင်တပ်ဟာက ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းနဲ့ မီးရထားလမ်း တလျောက် လေကြောင်းပစ်အားအကူအညီနဲ့ စစ်ကြောင်း ထိုးနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီး တာ၊ အချိန်မီ မတိမ်းရှောင်နိုင်တဲ့ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်တာနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်တာတွေလုပ်နေလို့ စစ်ရေးသတိအပြည့်ရှိကြဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်း ထားပါတယ်။
ပြည်သူ ထိခိုက်နစ်နာမှု နည်းပါးစေဖို့ စစ်ဘက်နဲ့ အရပ်ဘက် တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်၊ တာမြစ်ချက်တွေကို လိုက်နာကြဖို့လည်း သတိပေးထားပါတယ်။
ကန့်ဘလူမြို့နယ်အတွင်း နိုဝင်ဘာ ၁၆ မနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ စစ်ကိုင်းတိုင်းအပြင် တခြားနေရာတွေမှာ တပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးတွေ သုံးပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်အရာရှိတွေက တပ်သားတွေကို မူးယစ်ဆေးကျွေး တိုက်ပွဲ ဝင်ခိုင်းတာ၊ စစ်ကြောင်းရှေ့ဆုံးကနေ တိုက်ခိုင်းပြီး မိုင်းကွင်းကို ဖြတ်ခိုင်းတာနဲ့ ကြောက်လန့်ပြီး ပြန်ဆုတ်လာသူတွေကို ပစ်မိန့်ပေးတယ်လို့ ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေနဲ့ အလင်းဝင် စစ်မှုထမ်း တွေက ထုတ်ဖော်ဝန်ခံထားပါတယ်။
တပ်သားတွေကို မူးယစ်ဆေးကျွေး တိုက်ပွဲဝင်ခိုင်းတာနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။











