
ရန်ကုန်မြို့ပတ်မီးရထားဘူတာတွေနဲ့ ရထားသံလမ်းတွေနားမှာ ညနေပိုင်းနဲ့ ညပိုင်း လူပြတ်ချိန် တွေမှာ မူးယစ်ဆေးဝါးလာရောက်သုံးစွဲသူတွေ များလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြ ပါတယ်။
ရန်ကုန်ဘူတာကြီး၊ ကြည့်မြင်တိုင်၊ လှည်းတန်း၊ ကမာရွတ်၊ အင်းစိန် စတဲ့လူစည်ကားတဲ့ ဘူတာတွေအပါအဝင် တခြားမီးရထားဘူတာတွေအနီးမှာပါ မူးယစ်ဆေးသုံးစွဲသူတွေ များလာ နေပြီး သုံးစွဲခဲ့တဲ့ အကြွင်းအကျန်ပစ္စည်းတွေကိုလည်း စွန့်ပစ်ထားတာ တွေ့ရပါတယ်။
ကြည့်မြင်တိုင်ဘူတာအနီးနေထိုင်သူတယောက်က “ညနေ ၅ နာရီ၊ ၆ နာရီမှောင်ပြီဆိုတာနဲ့ ဆေးသမားတွေ ရထားလမ်းဘေးထိုင်တာလိုလိုနဲ့ ဆေးလာသုံးကြတာ။ WY (ရာဘ) သုံးသူရော၊ ဆေးခြောက်သောက်သူတွေရော၊ ဘိန်းထိုးတဲ့သူတွေရောပဲ။ ပြီးရင်ဆေးထိုးအပ်တွေ၊ ခံပြားတွေ ရထားလမ်းဘေးပဲ ဒီတိုင်းပစ်ထားကြတာ။ ဖမ်းဆီးတာတွေတော့မတွေ့သေးဘူး။ ရထားလမ်းဘေး အပ်တွေပစ်ထားတော့ လမ်းသွားတဲ့သူတွေထိမိမှာစိုးရိမ်ရတယ်” လို့ DVB ကိုပြောပါတယ်။
မူးယစ်ဆေးသုံးသူတွေဟာ အနီးအနားကအိမ်တွေနဲ့ ရပ်ထားတဲ့ကားတွေဆီက ပစ္စည်းခိုးယူတာ တွေလည်း ရှိနေလို့ ညပိုင်းတွေမှာ သတိထားနေရတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။
အင်းစိန်ဘူတာအနီးနေထိုင်သူတယောက်က “ဆေးသမားတွေက ဆေးသုံးပြီး လမ်းဘေး ရပ်ထားတဲ့ကားတွေရဲ့ ဘက်မှန်တွေဖြုတ်ခိုးတယ်၊ တချို့အိမ်တွေဝင်ခိုးတယ်။ ညဆို အသံကြားရင် ထကြည့်ရတယ်။ ကိုယ့်ကိုပြန်ရန်လုပ်မှာလည်းကြောက်ရတော့ တုတ်ဆောင် ထားရတယ်” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ရန်ကုန်မြို့ပေါ်မှာ မူးယစ်ဆေး ဖြန့်ဖြူးရောင်းချသူ များလာသလို နည်းနည်းပဲ ဖမ်းဆီးနိုင်လို့ လူငယ်တွေ မူးယစ်ဆေးအလွယ်တကူသုံးစွဲမိမှာကို စိုးရိမ်နေရတယ်လို့ ကျောင်းသားမိဘတချို့က DVB ကိုပြောပါတယ်။
အခုနှစ် ဇွန် ၂၆ ရက်ကကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့မှာတော့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ရန်ကုန်တိုင်းမှာ တနှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်း စုစုပေါင်း မြန်မာငွေကျပ် ၁,၁၇၆ ဘီလီယံကျော်ဖိုးကို မီးရှိ့ဖျက်ဆီးခဲ့ပါတယ်။











