အတ္တလန္တိတ်သမုဒ္ဒရာထဲ ပြင်သစ်ရေတပ် ဖမ်းဆီးခဲ့သည့် တပိုင်းငုပ်ရေယာဉ်ထဲ မူးယစ်ဆေးဝါး မတွေ့

ပြင်သစ်အာဏာပိုင်တွေဟာ ဒီလထဲမှာ အတ္တလန္တိတ်သမုဒ္ဒရာထဲ ကြားဖြတ်ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်မှောင်ခိုသုံး လျှို့ဝှက် ရေငုပ်သင်္ဘောငယ်တစင်းပေါ်မှာ ဘာမူးယစ်ဆေးဝါးမှ ရှာမတွေ့ခဲ့ပေမဲ့ အဲဒီရေယာဉ်ပေါ် ပါလာတဲ့ သင်္ဘောသား ၂ ယောက်ကို တရားဥပဒေအရ အရေးယူမှုတွေ စတင်လိုက်ပြီလို့ နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
အလျား ၂၂ မီတာ ရှိပြီး ကုန်စည် ၃ တန်အထိ သယ်ဆောင်နိုင်စွမ်းရှိတဲ့ ကိုယ်ပိုင်အင်ဂျင်တပ် ရေတပိုင်းငုပ် ရေယာဉ် (SPSS) ဟာ ဘယ်နိုင်ငံရဲ့ အလံကိုမှ လွှင့်ထူထားခြင်းမရှိဘဲ နိုဝင်ဘာ ၁၇ ရက်နေ့ ပြင်သစ်ရေတပ်ရဲ့ စစ်ဆင်ရေးတခုအတွင်း ကြားဖြတ်ဖမ်းဆီးရမိခဲ့တာလို့ ဂိုဏ်းဖွဲ့ကျူးလွန် ရာဇဝတ်မှုများဆိုင်ရာ အမျိုးသားရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြင်သစ်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အချက်အလက်တွေအရ ရဟတ်ယာဉ်တစင်းနဲ့ ပြင်သစ်ရေတပ်သင်္ဘောပေါ်က ဝင်ရောက်စီးနင်းရေးအဖွဲ့တို့ တပြိုင်နက်တည်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာကြောင့် ရေယာဉ်ကို တမင် နှစ်မြှုပ်ပစ်မဲ့စနစ်တွေ အသက်မဝင်ခင် အချိန်မီ တားဆီးထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး မှောင်ခိုကူးရာမှာ အသုံးပြုလေ့ရှိတဲ့ ရေယာဉ်အမျိုးအစား ဖြစ်ပေမဲ့ အထဲကို ရှာဖွေစစ်ဆေးတဲ့အခါ မူးယစ်ဆေးဝါး တစုံတရာ မတွေ့ရှိခဲ့ပါဘူး။
ဒါပေမဲ့ ရေယာဉ်တွေ့ရှိတဲ့ တည်နေရာ၊ အလံလွှင့်ထူထားခြင်း မရှိတာ၊ လျှို့ဝှက်စွာ သွားလာနေတာနဲ့ ရေယာဉ်ပေါ်မှာ တွေ့ရတဲ့ ပစ္စည်းတွေကြောင့် တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် သင်္ဘောသား ၂ ယောက်ကို ပြင်သစ်ရေတပ်သင်္ဘောနဲ့ ကာရစ်ဘီယံပင်လယ်ထဲက ပြင်သစ်ပိုင် မာတီနစ်ကျွန်းပေါ်က ဖို့ဒီဖရန့်စ်မြို့ကို လွှဲပြောင်း ပို့ဆောင်ပေးဖို့ အစိုးရရှေ့နေတွေက တောင်းဆိုခဲ့ပါတယ်။
ဒီစစ်ဆင်ရေးကို ကာရစ်ဘီယံဒေသ အခြေစိုက် ပြင်သစ်လက်နက်ကိုင်တပ်ဖွဲ့တွေက ဦးဆောင်ခဲ့တာဖြစ်ပြီး ပြင်သစ် အကောက်ခွန် ထောက်လှမ်းရေးနဲ့ စုံစမ်းစစ်ဆေးရေး ညွှန်ကြားမှုဦးစီးဌာန၊ ကိုလံဘီယာရေတပ်နဲ့ အမေရိကန် ပူးတွဲအေဂျင်စီများ လုပ်ငန်းအဖွဲ့ (တောင်ပိုင်း) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း ကာရစ်ဘီယံဒေသမှာ ပြင်သစ်တပ်ဖွဲ့တွေအနေနဲ့ အခုလို တပိုင်းရေငုပ် ရေယာဉ်မျိုးကို ဒုတိယအကြိမ်မြောက် ကြားဖြတ်ဖမ်းဆီးရမိခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
Source: Reuters











