DVB Logo
Home
နိုင်ငံတကာ
အတ္တလန္တိတ်သမုဒ္ဒရာ၌ ပြင်သစ်စစ်တပ်က မူးယစ်ဆေးတင် စက်လှေ ၁ စင်းကို ဖမ်းဆီး
DVB
·
November 17, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဘယ်နိုင်ငံရဲ့ ရေပိုင်နက်အောက်မှာမှ မရှိတဲ့ ရေပြင်မှာ ကိုကင်း ၁၄၆ ကီလိုဂရမ်ထက်မနည်း တင်ဆောင်လာတဲ့ ရေတပိုင်းနစ်မြုပ်သွားလာနိုင်တဲ့ ရေယာဉ်တစင်းကို ပြင်သစ်ရေတပ်က နိုဝင်ဘာ ၁၂ ရက်မှာ ကြားဖြတ်ဖမ်းဆီးရမိခဲ့ပါတယ်။

ထောက်လှမ်းတွေ့ရှိတာ မခံရအောင် ရှောင်ဖို့ ရေမျက်နှာပြင်နဲ့ တသားတည်းနီးပါး ဖြစ်နေအောင် မောင်းနှင်လာတဲ့ အဲဒီယာဉ်ကို ပြင်သစ်စစ်သင်္ဘောတစင်းက ရပ်တန့်ခိုင်းခဲ့တာလို့ ပြင်သစ်လက်နက်ကိုင်တပ်ဖွဲ့တွေက ပြောပါတယ်။ 

ဒါဟာ ပြင်သစ်တပ်ဖွဲ့တွေအတွက် ဒီအမျိုးအစား ယာဉ်မျိုးကို ဖမ်းဆီးရမိတဲ့ ပထမဆုံးအကြိမ်ပဲလို့ ပြင်သစ်လက်နက်ကိုင်တပ်ဖွဲ့တွေက နိုဝင်ဘာ ၁၅ ရက်မှာ ရုပ်သံမှတ်တမ်းတွေ ထုတ်ပြန် ကြေညာချိန်မှာ ပြောပါတယ်။

ဒီလုပ်ဆောင်ချက်အတွင်း သင်္ဘောပေါ်ပါတဲ့ ရဟတ် ယာဉ်တစင်းအပြင်၊ ပူးတွဲအေဂျင်စီများဆိုင်ရာ တောင်ပိုင်းအထူးအဖွဲ့ (JIATF-S) ရဲ့ ကွပ်ကဲမှုအောက်မှာ လှုပ်ရှားဆောင်ရွက်နေတဲ့ အမေရိကန် ရေကြောင်းကင်းလှည့်လေယာဉ်တစင်းတို့ကလည်း ပူးပေါင်းကူညီပေးခဲ့ပါတယ်။

စစ်တပ်က ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ ပြင်သစ်ရေတပ် တပ်ဖွဲ့ဝင်တွေ ချဉ်းကပ်လာချိန်မှာ ယာဉ်ပေါ်ပါတဲ့ လူ ၄ ယောက်ထဲက ၃ ယောက် ရေထဲ ခုန်ချသွားတာကို တွေ့မြင်ရပါတယ်။ 

ဦးထုပ်မှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ ရိုက်ကူးထားတဲ့ ရုပ်ပုံတွေထဲမှာ တပ်ဖွဲ့ဝင်တွေက ရေမျက်နှာပြင်နဲ့ နီးနီးမှာ ရှိနေတဲ့ ယာဉ်ပေါ်ကို တက်ပြီး ရေထဲက မူးယစ်ဆေးဝါးထုပ်တွေကို ပြန်ဆယ်ယူနေတာကို တွေ့ရပါတယ်။

အဲဒီနောက် ပြင်သစ်လှေတွေက လူ ၄ ယောက်စလုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

ရေယာဉ်က ၃ မိနစ်မပြည့်မီ  နစ်မြုပ်သွားခဲ့ပါတယ်။ တရားမဝင် ကုန်ပစ္စည်းတွေထဲက ကျန်ရှိနေသေးတဲ့ တန်ချိန်အများအ ပြားမှာလည်း ရေယာဉ်နဲ့ အတူ ရေအောက်ကို နစ်မြုပ်သွားခဲ့ ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013