
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့မှာ KTV ကာရာအိုကေတွေနဲ့အတူ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာတွေ ပေါများလာနေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
အခုလို အပျော်အပါးနဲ့ မူးယစ်ဆေးဝါးတွေ ပေါများလာတာဟာ မန်တုံမြို့နယ်မှာ မြေရှားသတ္တု လာရောက်တူးဖော်နေကြတဲ့ တရုတ်နိုင်ငံသားတွေကြောင့်ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
နယ်မြေခံတယောက်က "မန်တုံမှာ တရုတ်တွေက မြေရှားသတ္တု တူးနေကြတာပါ။ မြို့က ကျဉ်းကျဉ်းလေးမှာ KTV ၆ ခုလောက် ရှိပါတယ်။ မူးယစ်ဆေးဆိုရင်လည်း KTV တိုင်းမှာ Happy နဲ့ Y အပါအဝင် ဆေးတွေ ရပါတယ်။ မိန်းကလေးတွေဆိုရင် တညကို ၆ သိန်း ပေးရပေမဲ့ မိန်းကလေးက ၃ သိန်းပဲ ရပြီး ကျန်တဲ့ ၃ သိန်းက ဆိုင်ခနဲ့ လိုင်းကြေး ပေးရပါတယ်။ အဲဒီ မိန်းကလေးတွေဟာ ဒေသခံတွေမဟုတ်ဘဲ တခြားဒေသတွေကနေ လာကြတာ အများစုပါ" လို့ ပြောပါတယ်။
မန်တုံမြို့နယ်အတွင်း မြေရှားသတ္တု ထွက်ရှိနိုင်တဲ့ နေရာတွေကို PSLF/TNLA နဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တချို့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ စမ်းသပ်ရှာဖွေခဲ့ကာ လက်ရှိမှာတော့ တူးဖော်ထုတ်ယူပြီး တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြေရှားသတ္တု လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ တရုတ်နိုင်ငံသားတွေဟာ ဒေသခံ အမျိုးသမီးတွေကို ထမင်းချက်မယားအဖြစ် ငှားရမ်းခိုင်းစေနေတယ်လို့လည်း ဒေသခံ အမျိုးသမီးတယောက်က ဆိုပါတယ်။
"ကျမတို့ မန်တုံနဲ့ နမ္မတူ ဒေသခံတွေ အလုပ်မရှိတော့ မြေရှားတူးတဲ့ အလုပ်ပဲ လာလုပ်ကြရပါတယ်။ တရက်ကို တရုတ်ငွေ ၁၀၀ ရပါတယ်။ အမျိုးသမီးတွေကျတော့ ထမင်းလည်း ချက်ပေးရသလို မယားလိုလည်း ပြုကျင့်တာ ခံကြရပါတယ်။”
မန်တုံမြို့ကို PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး PSLF/TNLA ရဲ့ ပြန်ကြားရေး တာဝန်ရှိသူ လွေးယေဦးက "မန်တုံမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ သုံးစွဲသူတွေ လျော့နည်း ပပျောက်အောင် လိုအပ်တဲ့ စစ်ဆေး ဆောင်ရွက်မှုတွေ တောက်လျှောက် ပြုလုပ်နေသလို၊ ဒေသခံ အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ အခွင့်အရေး ချိုးဖောက်ခံရမှု မရှိအောင်လည်း ဆောင်ရွက်ပေးနေပါတယ်" လို့ ပြန်လည် ဖြေကြားထားပါတယ်။











