
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ထဲက ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် ရေနံမှော်နယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ KTV ကာရာအိုကေဆိုင်ခန်းတွေကို နို၀င်ဘာ ၁၁ ရက်နေ့ အပြီးတိုင် ပိတ်သိမ်းဖို့ ပခုက္ကူခရိုင်ကွပ်ကဲရေးက ထုတ်ပြန်လိုက်ပါတယ်။
KTV ဆိုင်ခန်းတွေဟာ တော်လှန်ရေးကာလအတွင်းမှာ တွင်တွင်ကျယ်ကျယ် ဖွင့်လှစ်လာတာကို တွေ့ရှိရတာလို့ ဆိုပါတယ်။
အဆိုပါ KTV ဆိုင်တွေအတွင်းမှာ အရပ်သားပြည်သူတွေ၊ တော်လှန်ရေးသမားတွေပါ KTV အခန်းတွေထဲ မူးယစ်ဆေးဝါး သုံးစွဲ ပျော်ပါးနေကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲတာအပြင် ရောင်းချတာနဲ့ သယ်ဆောင်တာတွေကို ပြုလုပ်နေတာ သိရတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
ပခုက္ကူခရိုင်ကွပ်ကဲရေးက ပြည်သူ့အကျိုးနဲ့ တော်လှန်ရေးအကျိုးကို လုံး၀အကျိုးမပြုတဲ့ KTV လုပ်ငန်းတွေကို နိုဝင်ဘာ ၁၁ ရက်နေ့ အပြီးတိုင် ပိတ်သိမ်းကြဖို့ အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒီအမိန့်ကို လိုက်နာဆောင်ရွက်မှု မရှိရင် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။











