
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဆက်တိုက် ပိတ်ဆို့တိုက်ခိုက်တာကြောင့် မြိုင်ရေနံမြေအနီး တဲကြီးရွာနဲ့ တွင်းမပျူရွာကို ရောက်နေတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းနှစ်ခုစလုံး ရွာတွေထဲမှာ ပိတ်မိနေပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေအနီး တဲကြီးရွာနဲ့ တွင်းမပျူရွာတွေကို ရောက်နေတဲ့ စစ်ကြောင်း ၂ ခုစလုံးကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဖိအားပေး တိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေတာပါ။
တဲကြီးရွာကို စစ်အာဏာရှင်တပ်က ဩဂုတ်လကုန်ပိုင်းမှာ ဝင်ရောက်ထိန်းချုပ်ခဲ့ပြီး တဲကြီးရွာ အနီးက ရေနံတွင်းငယ်တွေကို မိုင်းခွဲတာ၊ မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
အဲဒီစစ်ကြောင်း ရှေ့ဆက်မတိုးနိုင်တာကြောင့် တွင်းမပျူရွာကို ပခုက္ကူတပ်မ ၁၀၁ ကနေ အင်အား ၃၅၀ ဝန်းကျင် ထပ်မံစေလွှတ်ခဲ့တာပါ။
လတ်တလောမှာတော့ စစ်ကြောင်း ၂ ခုစလုံး ရှေ့ဆက်မတိုးနိုင်ဘဲ ရွာတွေထဲမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အညာမြေ အရပ်ဘက် လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက “၇ လပိုင်း ၁၃ ရက်နေ့ ကတည်းက ထိုးတဲ့ စစ်ကြောင်းက တဲကြီးဘက်မှာပဲ ပိတ်မိနေတယ်လို့ ပြောရမလား။ သူတို့ တဲကြီးဘက်မှာ ရှေ့မတိုးဘဲ အဲဒီရွာထဲမှာပဲ ရှိနေတာဗျ။ နောက်ထပ် အားဖြည့်တဲ့ စစ်ကြောင်းတွေက ကျနော်တို့ မြိုင်နယ်တောင်ပိုင်း တွင်းမပျူရွာထဲက မထွက်နိုင် ဖြစ်နေတာဗျ။ အဲဒီမှာ တော်လှန်ရေး အင်အားစုတွေကလည်း ပိတ်ဆို့တိုက်ခိုက်တာတွေ ရှိတဲ့အတွက် သူတို့ ရှေ့မတိုးနိုင်ဘဲ အဲဒီ ပျူရွာထဲမှာပဲ သောင်တင်နေတာဗျ။ အခုဆိုရင် ၃ ပတ်လောက်တော့ ရှိသွားပြီဗျ။ ပြီးခဲ့တဲ့ အခု တဲကြီးရောက်သွားတဲ့ စစ်ကြောင်းတုန်းက သတ်တဲ့၊ စစ်ကြောင်းတလျှောက် ပေါက်နယ်က ရွာတရွာနဲ့ ကျနော်တို့ မြိုင်နယ်မှာ ဖြတ်သွားတဲ့ရွာတွေ အကုန်လုံးက အသတ်ခံရတဲ့လူက ၃၀ နီးပါး ရှိတယ်ဗျ။ အဲဒါကတော့ ဒီ ၂၀၂၆ ထဲ ဖြစ်စဉ်ပေါ့။ စစ်ဘေးရှောင်တွေ များတယ်ဗျ။ ဆန်အဓိက လိုနေတာဗျ။ ကျနော်တို့လည်း ဒီမှာ လုံးပန်းနေတာတွေ ရှိတယ်။ တွင်းမပျူရွာနားတဝိုက်က ကျေးရွာတွေ အကုန်လုံး စစ်ဘေးရှောင်ရတယ်။ ပြီးတော့ တဲကြီးနားတဝိုက်က ကျေးရွာတွေ အကုန်လုံး စစ်ဘေးရှောင်ရတယ်ဗျ။ တဲကြီးနားက ကျေးရွာတွေကတော့ ၂ လလောက် ကြာသွားပြီဗျ။ တွင်းမပျူရွာနားက စစ်ဘေးရှောင်တွေကတော့ အခုမှ ၂ပတ်လောက်ပဲ ရှိသေးတာဗျ။ အဲဒီဟာတွေအတွက်လည်း ရေရှည် ရှောင်လာရတာဖြစ်တဲ့အတွက် ရိက္ခာတွေ လိုနေပြီဗျ” လို့ ပြောပါတယ်။
တဲကြီးရွာမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၁၃ ရက်မှာ စတင် ဖိအားပေး တိုက်ခိုက်ခဲ့ပြီးနောက် ရွာထဲမှာ ပိတ်မိနေတဲ့ စစ်ကြောင်းကို တပ်ကူပေးဖို့ ပခုက္ကူ တပ်မ ၁၀၁ က တပ်သားတွေကို စစ်အာဏာရှင်က ထပ်မံစေလွှတ်ခဲ့တာပါ။
မေလကတည်းက မြိုင်နယ်ကို တပ်သားအင်အား ၅၀၀ ကျော် အသုံးပြုပြီး နယ်မြေထိန်းချုပ်ဖို့ စစ်အာဏာရှင်က ကြိုးစားခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်တာကြောင့် စစ်သား ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။
လက်ကျန်အင်အားနဲ့ အခုထပ်ပို့လိုက်တဲ့ အင်အားတွေ ပေါင်းရင် မြိုင်နယ်ထဲမှာ အနည်းဆုံး စစ်သားအင်အား ၈၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။
မြိုင်ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “အရင်ရောက်တဲ့ အင်အားကတော့ တဲကြီးရွာမှာပဲ ရှိတာပေါ့နော်။ ပြည်သူပိုင် ရေနံတွင်းတွေ ရှို့တာ ဘာညာ ရှိတယ်။ ဒီရေနံမြေရဲ့ အချက်အခြာကျတဲ့ ကျောက်လမ်းကြီးကို ဖြတ်တောက်ရေးလုပ်နိုင်ဖို့ ၃ လ နီးပါး ရေနံဝင်ငွေ ဖြတ်တောက်တဲ့သဘောနဲ့ လာထိုင်တာပေါ့။ အဲဒီစစ်ကြောင်းကတော့ သူက နယ်မြေချဲ့ထွင် ဖြန့်ထွက်ပြီး လုပ်တာ မဟုတ်ဘူး။ လက်ရှိ တဲကြီးရွာမှာပဲ အထိုင်ချနေတာပေါ့။ သူက ထင်သလောက် ရှေ့ကို မတိုးနိုင်တော့ တပ်မ ၁၀၁ ကနေ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ယာဉ်တန်း ၉ စီးနဲ့ ရောက်နေတဲ့ အင်အား ခန့်မှန်း ၃၅၀ ဝန်းကျင်၊ အဲဒီအင်အားကတော့ လက်ရှိ တွင်းမပျူရွာမှာပဲ ရှိနေတယ်။ သူက ရှေ့တိုးနိုင်ဖို့တော့ ညောင်ဦးလေဆိပ် တံတားဦးလေဆိပ် အဲဒီက အများစု အနီးနားကျေးရွာတွေကို လာပြီး ဆူဆိုက်ဒရုန်းနဲ့ ကြဲတယ်၊ MI35 နဲ့ လာပစ်တယ်၊ စက်လတ်နဲ့ ပစ်တယ်၊ ဂျက်ဖိုက်တာနဲ့ လာပြီးတော့ ဗုံးကြဲတာတွေကတော့ နေ့စဉ်ရှိနေတာပေါ့။ သူကလည်း ရှေ့တိုးဖို့ ကြိုးစားနေဆဲကို ထွက်လာလိုက် ဒီဘက်က တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲလိုက်ဆိုတော့ သူတို့လည်း တိုးမရသေးဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က တွင်းမပျူရွာကို မြိုင်နယ်ထဲက ရေနံမှော်တွေကို စစ်ကြောင်းထိုးဖို့ ဗျူဟာအရ အရေးပါတဲ့ အမာခံစခန်းအဖြစ် အစဉ်တစိုက် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ရေနံမှော်တွေအနီး တဲကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဖိအားပေး တိုက်ခိုက်တာကြောင့် အောက်တိုဘာ ၁၃ ရက် နောက်ပိုင်းမှာ စစ်အာဏာရှင်တပ် လက်နက်ကြီးအထိုင်တခု ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု များခဲ့တာပါ။
ပေါက်နဲ့ မြိုင်နယ်အစပ်က ရေနံမှော်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ၂၀၂၄ မတ်လကတည်းက ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
မကွေးဒေသတွင်း တော်လှန်ရေးအစုအဖွဲ့တွေရဲ့ အဓိကဝင်ငွေရလမ်း ဖြစ်တယ်လို့ ယူဆတာကြောင့် စစ်အာဏာရှင်တပ်က ရေနံမှော်ဒေသကို ပြန်မထိန်းချုပ်နိုင်ရင်တောင် ရေနံလုပ်ကွက်တွေကို ဖျက်ဆီးနိုင်ဖို့ အားထုတ်နေတာ ဖြစ်ပါတယ်။
ဇွန်လဆန်းပိုင်းကစပြီး မြိုင်နယ်ထဲကို ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဟာ ဒေသတွင်း ကျေးရွာတွေကို ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၃၀၀ ကျော် ပျက်စီးဆုံးရှုံးပြီး အရပ်သား ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။
သုတချမ်းသာ











