
မကွေးတိုင်း မြိုင်မြို့နယ်မှာ ပြည်သူ ၁၂ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို အရေးယူနိုင်အောင် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ဆီကို တိုင်ကြားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်မှာ ပြည်သူ ၁၂ ယောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတဲ့ အလောင်းတွေရဲ့ အရိုးစုတွေကို ဝက်ပုတ်ကျေးရွာ အနောက်ဘက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြိုင်မြို့နယ် အခြေစိုက် အညာမြေအရပ်ဘက်အဖွဲ့ဆီကနေ သိရပါတယ်။
သေဆုံးသူတွေထဲမှာ ဂွေးကုန်းရွာက ပြည်သူ ၉ ယောက်၊ မကျီးကုန်းကျေးရွာက တယောက်၊ သံချောင်းရွာက တယောက်၊ မကျည်းကန်ရွာက ပြည်သူတယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန် ၉ ရက်က မြိုင်မြို့နယ် စက်မှု ၂ မှ ဝဲတူးရွာကို စစ်တပ် စစ်ကြောင်းထိုးချိန် ဂွေးကုန်းရွာမှာ ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးခံလိုက်ရသူတွေကို ဝက်ပုတ်ကျေးရွာထဲ ခေါ်ဆောင်သွားပြီးတဲ့နောက် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဝက်ပုတ်ပျူရွာကို သိမ်းပြီးနောက် ရွာထဲတွေကို ရှင်းလင်းရေး ဝင်ရောက်ချိန် စစ်အာဏာရှင်တပ်ဖွဲ့ဝင် တယောက်ရဲ့ မှတ်စုစာအုပ်ကို တွေ့ခဲ့ပြီး ဖမ်းဆီးထားသူတွေကို ၂၀၂၃ ခုနှစ် ဇွန် ၁၀ ရက်နေ့တည်းက သတ်ဖြတ်ခံခဲ့ရတယ် ဆိုတာကို သိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေခဲ့ပေမဲ့ ပြန်မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့မှာ မှိုရှာသွားတဲ့ ရွာသားတယောက်က အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာကို တွေ့ရှိခဲ့ပြီး တာဝန်ရှိသူတွေ ဦးဆောင်ကာ ရှာဖွေတဲ့အခါ အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ မြေကျင်းနှစ်ခုထဲက အလောင်း ၁၂ လောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
အလောင်းတွေမှာ တွေ့ရတဲ့ မှတ်ပုံတင်၊ ကျောင်းသားကတ်၊ မွေးစားရင်းစာရွက် စတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်နေကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ သိခဲ့ရပါတယ်။
အခုလို အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ မြိုင်မြို့နယ်အခြေစိုက် အညာမြေအရပ်ဘက်အဖွဲ့က ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကနေ တဆင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ဆီကို တိုင်ကြားဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အညာမြေအရပ်ဘက်အဖွဲ့ တာဝန်ရှိသူတယောက်က “၄ ရက်နေ့က တွေ့တာပါ၊ ၅ ရက်နေ့မှာ မိသားစုဝင်တွေကို ခေါ်ပြတယ်၊ ၆ ရက်နေ့မှာ ကျနော်တို့ NUG ရဲ့ လူ့အခွင့်အရေးရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ကြတယ်။ မနေ့ကတော့ UN က အဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေလုပ်တယ်၊ နောက်ထပ်လည်း IIMM နဲ့ ဆက်လုပ်ဖို့ ကြိုးစားနေတာရှိတယ်။ ကျနော်တို့ မြိုင်နယ်က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားမျှတမှုဆိုတာထက် သူ့ထိုက်တန်တဲ့ အပြစ်ပေး အရေးယူမှုတွေပေါ့ဗျာ၊ ဖြစ်လာအောင် ကျနော်တို့ ကြိုးစားနေတယ်ဗျ။ ဘယ်လိုမျိုးအထိ မျှော်မှန်းသတုန်းဆိုတာတော့ ပြောလို့မရသေးဘူးဗျ” လို့ ပြောပါတယ်။
သတ်ဖြတ်ခံလိုက်ရသူတွေဟာ တောင်သူလုပ်ကိုင်တဲ့ အရပ်သားပြည်သူတွေဖြစ်ပြီး သူတို့ဟာ စစ်ကြောင်းလာလို့ စစ်ဘေးတိမ်းရှောင်တဲ့အချိန်မှာ ဖမ်းဆီးပြီး သတ်ဖြတ်ခံလိုက်ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြန်တွေ့တဲ့အရိုးတွေရဲ့ ဦးခေါင်းခွံတွေမှာ အဝတ်စတွေ စည်းနှောင်ထားတဲ့အတွက် သူတို့ကို မသတ်ခင် မျက်လုံးကို အဝတ်နဲ့ အုပ်ထားပုံရတယ်လို့လည်း ဂွေးကုန်းရွာသားတယောက်က သုံးသပ်ပါတယ်။
သေဆုံးသူတွေကို ဖမ်းဆီးခဲ့တဲ့ စစ်အာဏာရှင်စစ်ကြောင်းက သတ်ဖြတ်သွားသလား၊ ဝက်ပုတ်ကျေးရွာက ပျူစောထီးတွေက သတ်ဖြတ်သလား ဆိုတာတော့ မသိနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဂွေးကုန်းရွာ ဒေသခံတယောက်က “တကျင်းကို ၆ ယောက်ဗျ၊ အရိုးတွေတော့ ကျိုးခြင်းပြုခြင်း မရှိဘူးဗျ။ ယူဆတာတော့ ခေါင်းတွေကို ထုသတ်ထားတဲ့ သဘောပဲဗျ။ အရိုးတွေကတော့ ခြေထောက်တွေတို့ လက်ရိုးတို့ အဲလိုတွေတော့ အပုံလိုက် အပုံလိုက် တွေ့တယ်ဗျ။ ဦးခေါင်းမှာတော့ မျက်စိကိုစည်းပြီးမှ သတ်တဲ့သဘောဗျ။ အဝတ်စ အမည်းလေးတော့ တွေ့တယ်။ အပြစ်မဲ့ပြည်သူတွေကို အဲဒီလို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာကိုတော့ ကျေနပ်မှုတော့ မရှိဘူးပေါ့ဗျာ။ သက်ဆိုင်ရာကိုတော့ တင်ပြစေချင်တယ်၊ ဒါ အပြစ်မဲ့ပြည်သူတွေဗျ။ ဟိုလို သူတို့ကို လက်နက်ကိုင်ပြီး ပြန်တော်လှန်နေတဲ့သူတွေလည်း မဟုတ်ဘူး။ အခုဖြစ်တာက ရိုးရိုးသားသား လုပ်ကိုင်စားတဲ့ ပုဂ္ဂိုလ်တွေ၊ တောင်သူတွေဗျ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ၅ နှစ်ကျော်ကာလအတွင်း အရပ်သား ၁၀ ယောက်နဲ့အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား ၂,၃၂၄ ယောက် သေဆုံးခဲ့တယ်လို့ ISP မြန်မာရဲ့ စာရင်းတွေအရ သိရပါတယ်။
သီရိ











