ရွှေဘိုတွင် လယ်ဧက ၁၀၀ ကို စစ်တပ်က သိမ်းထားသဖြင့် ဒေသခံများ အခက်ကြုံ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနောက်ဘက် မင်းကုန်းရွာနဲ့ ချီပါမူးအရှေ့ဘက်ကြား ရွှေဘို-ဆိပ်ခွန် လမ်းဘေးမှာ တော်လှန်ရေးအင်အားစုတွေ ၄ နှစ်ကျော် ထိန်းချုပ်ထားတဲ့ နေရာတွေနဲ့ ချီပါမျိုးသန့်ခြံက လယ်ဧက ၁၀၀ လောက်ကို စစ်တပ်က ပြန်လည်သိမ်းယူပြီး အထိုင်ချ တပ်ဖြန့်ထားပါတယ်။
အဲဒီလို တပ်စွဲထားတာကြောင့် ဒေသခံတောင်သူတွေနဲ့ ပြည်သူတွေဟာ မြို့အဝင်အထွက် သွားလာရေး ခက်ခဲနေပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရွှေဘိုမြို့အနောက်ဘက် မြို့အဝင်အနီး ရွှေဘို-ဆိပ်ခွန် လမ်းဘေးက ချီပါမျိုးသန့်စိုက်ခြံ လယ်ဧက ၁၀၀ လောက်အပါအဝင် သရဲကုန်းရပ်ကွက်၊ အိုးဖိုရွာ၊ ကင်းဗျားရွာ၊ အုပ်ရှစ်ကန်ရွာ၊ ကျွန်းတော၊ ချီပါမျိုးသန့်ခြံနဲ့ နိဗ္ဗာန်ဆိပ်ဦးဘုရား အနီးတဝိုက် နေရာတွေကို တော်လှန်ရေးအင်အားစုတွေက ၄ နှစ်ကျော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့တာပါ။
စစ်ဘေးရှောင်တယောက်က “အရင်ကတော့ အဲဒီနေရာတွေက အဖွဲ့တွေ စိုးမိုးတဲ့နေရာတွေပါ။ စစ်တပ်က စိုက်ခြံက လယ်တွေ ပြန်သိမ်းဖို့လား၊ နယ်မြေစိုးမိုးဖို့ လာတာလားတော့ မသိဘူး။ စစ်တပ် ရောက်နေတာ ၂ လ ပြည့်တော့မယ်။ ချီပါမူးအရှေ့ဘက်က ပြည်သူပိုင်လယ်တွေလည်း ဘာမှ လုပ်မရတော့ဘူး။ ချီပါမူးအနောက်ဘက်က ချီပါရွာနဲ့ ဆိပ်ခွန်လမ်းကို ဒရုန်းတွေနဲ့ ဗုံးတွေ နေ့တိုင်း ကြဲနေလို့ ချီပါရွာက အိမ်တွေလည်း တော်တော်ပျက်စီးနေတယ်။ အိုးဖို၊ ကင်းဗျားနဲ့ ချီပါ ၂ ရွာကတော့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ များတယ်။ မြို့ကိုလည်း ဒီလမ်းက ဝင်ထွက်လို့ မရတော့ဘူးလို့ ရွှေဘိုနယ်ကလူတွေအပြင် အခြားနယ်လူတွေပါ အခက်အခဲ ဖြစ်နေကြတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ အခုနှစ် စက်တင်ဘာ ၂၆ ရက်မှာတော့ စစ်တပ်က အိုးဖိုရွာကို စစ်ကြောင်းထိုး စီးနင်းအထိုင်ချခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နေရာတွေနဲ့ ချီပါမျိုးသန့်ခြံ စိုက်သိပ္ပံကွင်းက လယ်ဧက ၁၀၀ လောက်ကို ပြန်လည်သိမ်းယူသွားခဲ့ပါတယ်။
အဲဒီနောက် ရွှေဘို-ဆိပ်ခွန်လမ်းကို ထိန်းချုပ်ပြီး အနောက်ဘက်ရွာတွေကို နေ့စဉ်ရက်ဆက် ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဗုံးကြဲနေတာကြောင့် အိုးဖို၊ ကင်းဗျားနဲ့ ချီပါရွာတွေက တောင်သူတွေရဲ့ စိုက်ပျိုးပြီးသား လယ်ယာတွေ ပျက်စီးဆုံးရှုံးနေရပါတယ်။
ဒါ့အပြင် ရွှေဘို၊ ဆိပ်ခွန်၊ မူးကမ်းကြီး၊ ဒီပဲယင်း၊ အရာတော်၊ မုံရွာ၊ ခင်ဦး၊ ရေဦးနဲ့ တန့်ဆည်နယ်တွေက ပြည်သူတွေပါ မြို့အဝင်အထွက် ခက်ခဲပြီး ကျန်းမာရေး၊ ပညာရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ ထိခိုက်နေတယ်လို့ သိရပါတယ်။
စစ်တပ် ပြန်သိမ်းယူသွားတဲ့ ချီပါမျိုးသန့်စိုက်ခြံနဲ့ လယ်ဧကတွေဟာ ဦးသန်းရွှေ လက်ထက်က ချီပါ၊ အိုးဖိုနဲ့ ကင်းဗျားရွာတွေက ပြည်သူပိုင်လယ်ယာတွေကို သိမ်းယူပြီး နိုင်ငံပိုင် စံပြစိုက်သိပ္ပံကွင်းအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဦးသိန်းစိန် လက်ထက်မှာ စပါးမျိုးသန့်စင်စက်ရုံ တည်ဆောက်ခဲ့ပြီး အစိုးရအဆက်ဆက် နိုင်ငံပိုင်အဖြစ် သတ်မှတ်ထားခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။











