
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာကမ်းအနီးမှာ ကမ်းကပ်ထားတဲ့ ရေလုပ်သားတွေရဲ့ စက်လှေကို စစ်အာဏာရှင်တပ်က ပစ်ခတ်ခဲ့တာကြောင့် ရေလုပ်သားတယောက် သေဆုံးပြီး နောက်ထပ်တယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းမှာ ဘောမိကျေးရွာကမ်းအနီး ကမ်းကပ်ထားတဲ့ ရေလုပ်သားတွေရဲ့ စက်လှေကို စစ်တပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် စက်လှေပေါ်မှာရှိနေတဲ့ ရေလုပ်သားတယောက် သေဆုံးခဲ့ကာ နောက်ထပ်တယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူဟာ အသက် ၃၀ ကျော်အရွယ် ရေလုပ်သား ကိုမျိုးထွေးဖြစ်ပြီး ဖမ်းဆီးခံရသူကတော့ အသက် ၄၀ ဝန်းကျင်အရွယ် ကိုမင်းဌေးဖြစ်ပါတယ်။
ဒေသခံတယောက်က “စစ်တပ်က စက်လှေကို ပစ်ခတ်ခဲ့တာပါ။ တယောက်ကတော့ သေဆုံးသွားတယ်။ အလောင်းကိုလည်း တပ်သားတွေကပဲ သယ်သွားတယ်။ တယောက်ကိုလည်း ဖမ်းခေါ်သွားတယ်။ ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး။ PDF တွေလို့ ထင်ပြီး ပစ်ခတ်ခဲ့တာဖြစ်မယ်လို့ ယူဆရတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ သေဆုံးသူ ကိုမျိုးထွေးရဲ့ ရုပ်အလောင်းကို စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေက သယ်ဆောင်သွားပြီး ဖမ်းဆီးခံထားရတဲ့ ကိုမင်းဌေးကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရတဲ့ စက်လှေဟာ ပုံမှန်ငါးဖမ်းပိုက်ချပြီး ငါးရှာဖွေလုပ်ကိုင်နေတဲ့ ဘောမိဒေသခံ အရပ်သားတွေရဲ့ စက်လှေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။











