
စစ်ကိုင်းတိုင်း၊ ကနီနယ်ကို စစ်အာဏာရှင်က နည်းမျိုးစုံနဲ့ အင်အားသုံး ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် မြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေ အားလုံး ပိတ်ထားရပါတယ်။
စစ်အာဏာရှင်တပ်က ကနီမြို့နယ်ထဲကို စုစုပေါင်း အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်း ၃ ခုနဲ့ နိုဝင်ဘာလဆန်းပိုင်းမှာ ထပ်ပို့ပြီး အင်အားဖြည့်နေတာပါ။
ချောင်းမဘက်ကနေ ယာကြီးဘက်ကို စစ်ကြောင်းတခု၊ မင်းကင်းဘက်ကနေ ကနီ-ယာကြီးဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကြောင်းတခု၊ ချောင်းမဘက်ကနေ ကနီလမ်းအတိုင်း စစ်ကြောင်းတခု ဝင်ရောက်နေတာ ဖြစ်ပါတယ်။
မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ကနီနယ်အတွင်းက NUG ပညာရေးကျောင်းတွေ အားလုံး ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့အခါ တောထဲကို ရှောင်ပြေးရပြီး ရတဲ့အချိန်မှာ သင်ရတာဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်သလောက် သင်ကြားမှုကို ပိုအားစိုက်ရတယ်လို့ ဒေသခံ ကျောင်းဆရာမတယောက်က ပြောပါတယ်။
အရေးပေါ် လေကြောင်းကြုံလာပြီဆိုရင် ဗုံးခိုကျင်းထဲ ပြေးတာကအစ ကျောင်းသား၊ ဆရာ ပူးတွဲလေ့ကျင့်မှုတွေလည်း ပြုလုပ်ထားရတယ်လို့ ဆိုပါတယ်။
လိုအပ်လို့ ထွက်ပြေးရရင် မိဘတွေဆီ ပြန်အပ်နိုင်မဲ့ သတ်မှတ်စုရပ်နေရာတခုအထိ ကလေးတွေကို ရောက်အောင်ပို့ပေးဖို့ တာဝန်ခံမှုလည်း ဆရာ၊ ဆရာမတွေက ယူထားရတာပါ။
ကနီဒေသခံ ကျောင်းဆရာမတယောက်က “ကလေးတွေ စာသင်ကြားနေတဲ့ နေရာတွေမှာ လေကြောင်းကနေ အန္တရာယ်ပေးလိုက်တဲ့အခါမျိုးတွေမှာ ကျမတို့က ဒီကလေးတွေကို ပြုစုပျိုးထောင်ရတာ ကျမတို့ရဲ့ အနာဂတ်ပဲ။ သူတို့လေးတွေ ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်မှ ကျမတို့ဘဝ ကျမတို့တိုင်းပြည်ကြီးက တိုးတက်နိုင်မှာ။ အခုကျတော့ ဒီကလေးတွေကို သေကျေအောင် လုပ်နေတာတွေက ကျမတို့အနာဂတ်တွေကို ဖျက်ဆီးနေတာပါရှင့်။ နောင်လာမဲ့ အနာဂတ်တွေကို ဖျက်ဆီးနေတာပါ။ ကျမအနေနဲ့ စိတ်မကောင်းပါဘူးရှင့်။ စာအုပ်၊ စာရွက်စာတမ်းတွေ ဆိုတာကလည်း လိုအပ်ပါတယ်။ ပုံနှိပ်ဆိုတာလည်း ကျမတို့မှာ ခက်ခဲပါတယ်။ မြို့ပေါ်ကနေ ကျမတို့ဆီ ရောက်ဖို့ရာဆိုရင် လမ်းမှာ သယ်ယူရတာ မလွယ်ကူတဲ့အတွက် အဟောင်းလေးတွေကိုပဲ ကျမတို့ကလေးတွေက ပြန်ပြန်သုံးနေရတယ်ပေါ့နော်။ စာရေးခုံတွေဆိုလည်း အခက်အခဲရှိပါတယ်။ ကလေးတွေကို စာသင်ကြားရာမှာ လုံလုံခြုံခြုံလေးနဲ့ စိတ်အေးချမ်းသာစွာ သင်ကြားချင်ပါတယ်ရှင့်” လို့ ပြောပါတယ်။
ကနီနယ်ခံ အလယ်တန်းကျောင်းသူတယောက်ကလည်း “လေကြောင်းအန္တရာယ်ကြားရင် ပုန်းခိုကျင်းထဲ ဝင်တယ်။ လေကြောင်းက နည်းနည်းငြိမ်သွားပြီဆိုရင် ပြန်ထွက်ပြီးတော့ ပြန်သင်ပေးတယ်။ သမီးက ကြီးလာရင် ဆရာမတယောက် ဖြစ်ချင်တယ်။ သမီး G12 ပြီးသွားရင်လည်း ဆရာ၊ ဆရာမလိုင်းကို တက်မယ်။ တက်ပြီးတော့ ရွာကို အကူအညီပေးနိုင်တဲ့ ဆရာမကောင်းတယောက် ဖြစ်ချင်တယ်။ ဘာကြောင့်ဆို ရွာက ပညာတတ်ကလည်း နည်းနေတဲ့အတွက်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ရပ်ရွာတွေက ကျောင်းဖွင့်နိုင်ဖို့ ငွေအား၊ လူအား ကူညီပေးထားကြပြီး မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေက ဆရာ၊ ဆရာမတွေကို အရေးပေါ်အခြေအနေ အပါအဝင် ပညာရေးညွှန်းတမ်းတွေ သင်တန်းပေးထားတယ်လို့ သိရပါတယ်။
ကျောင်းအလိုက် တာဝန်ခံတွေကိုလည်း ကလေးတွေ လုံခြုံဘေးကင်းရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု သင်တန်းတွေ ပေးထားတယ်လို့ သိရပါတယ်။
ကနီနယ်ခံ ကလေးမိဘတယောက်က “စစ်ကောင်စီက လေကြောင်းရော၊ မြေပြင်ကလည်း စစ်ကြောင်းထိုးနေတာ။ ယာကြီး-ချောင်းမလမ်း အဲဒီဘက်တွေမှာလည်း ရှိတယ်။ လေကြောင်းကလည်း လာပြီးတော့ကျ ဟိုတနေ့က ညောင်လယ်ဘက်မှာ အတန်းကျောင်းကို ဗုံးကြဲသွားတယ်။ ဂျိုင်ရိုကော်ပတာတွေနဲ့ ကြဲသွားတာဆိုတော့ ခြေပြတ်လက်ပြတ်တွေရောဖြစ်၊ ကျောင်းဆရာတယောက်ရော၊ အကုန်စုပေါင်းကို ၉ ယောက်လောက် သေသွားတာကိုး။ အဲဒါဆိုတော့ကျ မိဘတွေ ကလေးတွေ ကျောင်းထားရတာ ပညာမဲ့ဖြစ်မှာစိုးလို့သာ ထားရတာပေါ့ဗျာ။ လေကြောင်းလည်း ကြောက်နေရတာပေါ့။ မြေပြင်ကလည်း လာတာ။ အခက်အခဲကတော့ အမျိုးမျိုးရှိတယ်ဗျ။ ပညာမတတ်လို့ရှိရင် လမ်းဘေးတွေ ဘာတွေ ရောက်သွားမှာလည်း စိုးရတာကိုး မိဘတွေအနေနဲ့က။ အဲဒါမျိုးလေးတွေကြောင့် ကလေးတွေကို အရဲစွန့်ပြီးကို ထားရတာလေ။ လေကြောင်းရန်လည်း ကြောက်တော့ ကြောက်နေရတာပေါ့။ လက်တွေ့လည်း ဖြစ်နေတာလေ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်ခြမ်းတလျှောက် ယင်းမာပင်ခရိုင်ထဲက ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်တွေက လမ်းပိုင်းတွေကို စစ်အာဏာရှင်တပ်က အင်အားသုံး ထိန်းချုပ်နေတာပါ။
စစ်အာဏာရှင်တပ်တွေက ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းနေရာက တလျော်ကျင်း၊ ချောင်းမ၊ အောင်မင်္ဂလာ၊ ၂၆ မိုင်၊ ၃၄ မိုင်၊ သင့်ကန်၊ ယာကြီး၊ တာဝါတိုင် နေရာတွေမှာ စစ်ဆေးရေးဂိတ်တွေ ချထားပြီး ကနီ-ချောင်းမလမ်းမှာလည်း ချောင်းမမှာတဂိတ်၊ မုဌောမှာတဂိတ် ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းဟာ မန္တလေးကနေ ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယနယ်စပ်အထိ ကုန်စည်လမ်းကြောင်းအတွက် အရေးပါသလို စစ်ရေးဗျူဟာအရလည်း အရေးပါတာကြောင့် စစ်အာဏာရှင်တပ်တွေက လမ်းပိုင်းတွေကို တစချင်းစီ တိုးပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။











