
စစ်ကိုင်းတိုင်း၊ ယင်မင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ စက်တင်ဘာ ၂၂ ရက် မနက်က စစ်အာဏာရှင်တပ်သား ၄ ယောက် လက်နက်နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ခိုလှုံလာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဆိုပါ စစ်အာဏာရှင် တပ်သား ၄ ယောက်ဟာ ကနီမြို့စောင့်တပ်က စစ်သားနဲ့ မြေပြင် စစ်ကြောင်းထိုးနေရာမှာ ပါဝင်တဲ့ စစ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ကနီမြို့အတွင်းထဲက စစ်သား ၂ ဦးရယ်၊ စစ်ကြောင်းထိုးရာမှာ ပါဝင်တဲ့ စစ်သား ၂ ဦးရယ်၊ စုစုပေါင်း စစ်သား ၄ ဦးပါဗျ။ လက်နက်တွေလည်း ပါတယ်။ ကိုယ်ပိုင်အမှတ်တွေကတော့ မသိရဘူး” လို့ ပြောပါတယ်။
အဆိုပါ စစ်သား ၄ ယောက်ဟာ ကနီမြို့နယ်အတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေဆီ အလင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတယောက်က “သေချာတာက အားလုံး ၄ ယောက်ပေါ့။ ဒါက ဒီရက်ပိုင်းက ဝင်လာတာ။ ဝင်လာတဲ့ သူတွေထဲက လွန်ခဲ့တဲ့ ရက်ပိုင်းက အလင်းဝင်လာသူတယောက် ဆိုရင် သူတို့ စစ်သားအချင်းချင်း အနိုင်ကျင့် ထိုးကြိတ်ခံရလို့ မခံနိုင်လို့ ထွက်ပြေးလာတာ။ ဒီနေ့ ဝင်လာတဲ့သူ ၃ ယောက်ကလည်း သူတို့အချင်းချင်း သတ်ဖြတ်ပြီး ဒီဘက်ကို အလင်းဝင်လာတာ။ ဒီဖြစ်စဉ်တွေကို ကြည့်ပြီးတော့ သူတို့ရဲ့ တပ်အတွင်းမှာ အချင်းချင်း သတ်ဖြတ်နေတာကို ကြည့်ပြီး တပ်ပြိုကွဲနေပြီလို့ သုံးသပ်လို့ ရတာပေါ့။ လက်နက်တွေက MA 2 တလက်၊ MA1 တလက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည် ၁၈၀ ရယ်။ အရင်ရက်ပိုင်းကဝင်တဲ့ ကောင်က လက်နက်တခုနဲ့ ကျည်တွေလည်း ပါတယ်” လို့ DVBကို ပြောပါတယ်။
စစ်အာဏာရှင်တပ်က ကနီမြို့နယ်အတွင်း နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်ရေးအတွက် စစ်အင်အား ၇၀၀ ကျော် ၈၀၀ နီးပါးခန့်နဲ့ ကြိုးစားနေတာ ၆ လကျော် ၇ လ လောက် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။
အခုလို စစ်ကြောင်းထိုးနေတာ ကြာမြင့်လာတာနဲ့အမျှ ကနီတောင်ခြမ်းက ကျေးရွာတွေက ပြည်သူတွေ စားဝတ်နေရေးအတွက် အလုပ်မလုပ်ရဲကြဘဲ နေရပ်စွန့်ခွာနေကြရပါတယ်။











