
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်းက တိုက်ပွဲမှာ စစ်အာဏာရှင်တပ်သားအလောင်းနဲ့ လက်နက်ခဲယမ်းတွေ၊ သုံ့ပန်းတွေကို အာရက္ခတပ်တော် (AA) က သိမ်းဆည်းရမိတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
အောက်တိုဘာ ၂၄ ရက် နေ့လယ်က လေလာတောင်ကတဆင့် အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ညောင်ကျိုးကျေးရွာဘက်ကို စစ်တပ်က အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းထိုးလာပြီး နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“AA ထိန်းချုပ်ထားတဲ့ ညောင်ကျိုးကို ထိုးစစ်ဆင်လာတာပါ။ အဲဒီမှာ နှစ်ဖက်တိုက်ပွဲက လေလာတောင်နဲ့ ညောင်ကျိုးကြားမှာ ဖြစ်ကြတာပါ။”
မွန်းလွဲ ၂ နာရီလောက်ကနေ အချိန် ၁ နာရီကြာလောက် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်ဘက်က အလောင်း ၁၀ ကျော်၊ လက်နက်ခဲယမ်း ၂၀ လောက်၊ သုံ့ပန်း ၆ ယောက်ထက်မနည်းကို AA က ဖမ်းဆီးရမိတယ်လို့ သူက ဆက်ပြောပါတယ်။
"စကစ အလောင်း၊ လက်နက်ခဲယမ်း၊ သုံ့ပန်းပါ ရလိုက်တယ်။ တိုက်ပွဲက ဆက်ရှိနေတယ်။ စကစ ဘက်က လေကြောင်းပစ်ကူပေးနေတယ်။”
နှစ်ဖက်တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က အကျအဆုံးများတဲ့အတွက် လေလာတောင်ဘက် နောက်ဆုတ်သွားပေမဲ့ AA က ဆက်တိုက်လိုက်လံကာ ထိုးစစ်ဆင် တိုက်ခိုက်နေလို့ ဒီကနေ့ထိ တိုက်ပွဲက ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
အခုလို နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ညောင်ကျိုးကျေးရွာနဲ့ ပတ်ဝန်းကျင်ကို စစ်တပ်က ဆင်လမ် ရွာစခန်းကနေ လက်နက်ကြီး၊ လေကြောင်းမှ ဂျက်၊ Y12 တို့နဲ့ ပစ်ကူပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။











