
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်က နေရာ ၇ ခုထက်မနည်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အခု နိုဝင်ဘာလဆန်းပိုင်းကနေစလို့ ကျောက်ဖြူ-ဇိုင်ချောင်း-သစ်ပုတ်တောင် ဓညဝတီ ရေတပ်ဌာနချုပ်ဘက်သွားရာ လမ်းဆုံအနီးက သိုင်းချောင်းဝန်းကျင်နဲ့ ကျောက်ဖြူ-ရမ်းဗြဲ ကားလမ်းပေါ်က တောင်မော်ဦး ရေတပ်စခန်းဝန်းကျင်၊ ကျောက်ဖြူ-စနဲ-ရမ်းဗြဲလမ်းပေါ်က အဝတောင်ပတ်ဝန်းကျင်တို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်အထိနာနေတယ်လို့ ကျောက်ဖြူဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ကျောက်ဖြူမှာက ရဲတပ်ရင်း ၃၂ တို့အနားမှာ တိုက်ပွဲမရှိဘူး။ ဖြစ်နေတာက မြို့ပြင်နေရာတွေက သိုင်းချောင်း၊ မင်းပြင်၊ အဝတောင်၊ တောင်မော်ဦး အဲဒီဝန်းကျင်မှာပဲ စစ်ကြောင်းထိုးပြီး ဖြစ်တာ။ ဟိုလတွေတုန်းက တောင်မော်ဦးအနီးထိ AA ထိုးစစ် ရောက်ခဲ့တယ်။ စစ်ကောင်စီဘက်က လေကြောင်းအားသာတော့ နောက်ဆုတ်ခဲ့ရတာမျိုး ရှိတယ်။ အခုလည်း နှစ်ဖက်တိုက်ပွဲပြင်းလို့ နှစ်ဖက် အထိနာတယ်။ စစ်ကောင်စီဘက်ကတော့ ပိုပြီးအထိနာတာပေါ့။ AA ဘက်က သူတို့ ထိုးစစ်တက်လာရင် အဝေးကနေ လက်နက်နဲ့ အရင်ပစ်တာ။”
စစ်တွေမြို့နယ်မှာ အဓိကဖြစ်နေတဲ့ နေရာတွေကတော့ စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းပေါ်က အမြင့်ကျွန်းနဲ့ ကွမ်းတောင်ကြားဝန်းကျင်မှာ တိုက်ပွဲပြင်းနေပြီး စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်ဖြစ်တဲ့ ဝါဘိုနဲ့ ခမောင်းတောဘက်မှာလည်း အခုရက်ပိုင်း စစ်အာဏာရှင်တပ်ဘက်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်နေတယ်လို့ စစ်တွေဒေသခံ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“အမြင့်ကျွန်းရွာ၊ မင်းချောင်းတံတားဝန်းကျင်နဲ့ ပုဏ္ဏားကျွန်း ကွမ်းတောင်ကြားမှာ ဖြစ်နေတာ။ ဝါဘို၊ ခမောင်းတောဘက်မှာလည်း ဖြစ်တယ်။ အခုရက်ပိုင်း တိုက်ပွဲတွေက ပြင်းထန်တယ်။ ပြီးတော့ စစ်ကောင်စီဘက်က ပုဏ္ဏားကျွန်းကို ပြန်ရဖို့ ဒေသခံတွေ မနေနိုင်အောင် ဗုံးကြဲသတ်ဖြတ်တယ်။”
အာရက္ခတပ်တော် (AA) မသိမ်းဘဲ ကျန်ရှိနေသေးတဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို AA က ဆက်လက်သိမ်းပိုက်မယ်လို့ ထုတ်ပြန်ထားတာကြောင့် တိုက်ပွဲတွေ အရင်ကထက် ပိုမိုပြင်းလာနိုင်တဲ့အတွက် ဒေသခံတွေ လေကြောင်းအန္တရာယ်ကို အထူးသတိထားဖို့ ULA/AA က တိုက်တွန်းထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်က အရေးပါတဲ့ အဓိကကျတဲ့ နေရာတွေဖြစ်တဲ့ လူစည်ကားတဲ့ ဈေးတွေ၊ လမ်း၊ တံတားတွေကို ဗုံးကြဲ၊ မိုင်းခွဲ ဖျက်ဆီးနေတာကြောင့် ဒေသခံတွေ စားဝတ်နေရေး ပိုမိုကျပ်တည်းလာနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။











