
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်အာဏာရှင်တပ်ရဲ့ အမြောက်တပ် အမတ ၃၄၄ အနီးက ယာယီစခန်းတခုမှ တပ်သား ၄ ယောက် ထွက်ပြေးသွားတာကြောင့် ပြန်လည်ဖမ်းဆီးနိုင်ရေး ရှာဖွေနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၉ ရက် ည ၉ နာရီခန့်က ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာအနီးရှိ အမြောက်တပ် အမတ ၃၄၄ ရဲ့ ယာယီစခန်းကနေ စစ်အာဏာရှင်တပ်သား ၄ ယောက် ထွက်ပြေးခဲ့တာလို့ ယာယီစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ရှေ့တန်းယာယီစခန်းကနေ ထွက်ပြေးတာလို့ သိရတယ်။ တပ်သား ၄ ယောက်ပါ။ တပ်သားအဆင့်တွေလို့ သိရတယ်။ စစ်မှုထမ်းလူငယ်တွေလို့လည်း သိရတယ်။”
ထွက်ပြေးသွားတဲ့ တပ်သား ၄ ယောက်ကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ စစ်အာဏာရှင်တပ်က ရှာဖွေနေပြီး နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းအထိ ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့ တပ်သား ၄ ယောက်ဟာ စစ်မှုထမ်းအပတ်စဉ် ၁၃ သင်တန်းဆင်းတွေဖြစ်ပြီး ရန်ကုန်တိုင်းက ၃ ယောက်နဲ့ ဧရာဝတီတိုင်းက တယောက် ပါဝင်တယ်လို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့ တပ်သား ၄ ယောက်ကို ပြန်လည်ဖမ်းဆီးရမိဖို့ ရေကြည်မြို့နယ်အတွင်းရှိ ရေနံသာစစ်ဆေးရေးဂိတ် အပါအဝင် နေရာအနှံ့မှာ စစ်အာဏာရှင်တပ်က လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေသလို ယာယီစခန်းနဲ့ အနီးဝန်းကျင် ကျေးရွာတွေမှာလည်း လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။











