
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ PDF တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ အရပ်သား ၂ ယောက်ကို အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူ ၂ ယောက်ဟာ ကိုဝင်းကိုနဲ့ ကိုဆန်းမင်းတို့ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်မှာ စစ်အာဏာရှင်လက်အောက်ခံ ရေကြည်မြို့နယ်တရားရုံးက တယောက်ကို ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခဲ့တာလို့ သိရပါတယ်။
တရားရုံးနဲ့ နီးစပ်သူတယောက်က “အခု ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေက အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်မှုရှိတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံထားရတဲ့သူတွေပါ။ အခုတော့ ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်တာပါ” လို့ ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ အရပ်သား ၂ ယောက်ကို ပြီးခဲ့တဲ့ ဧပြီလပထမအပတ်က အကြမ်းဖက်အဖွဲ့တွေကို ကူညီထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အာဏာရှင်တပ်နဲ့ ရဲတပ်ဖွဲ့က ရွှေသောင်ယံမြို့၊ ဘောမိဒေသကနေ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “သူတို့က သာမန်အရပ်သားတွေပါ။ PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတာပါ။ ကောင်လေး ၂ ယောက်က ရေလုပ်ငန်းနဲ့ အရောင်းအဝယ်လုပ်ငန်းလုပ်သူတွေပါ” လို့ ပြောပါတယ်။
သူတို့ကို စစ်အာဏာရှင်လက်အောက်ခံ တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ကနဲ့ ပုဒ်မ ၅၀၅-က စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ အရပ်သား ၂ ယောက်ဟာ သာမန်အရပ်သားတွေဖြစ်ကြောင်း သက်ဆိုင်ရာတရားရုံးနဲ့ ရဲတပ်ဖွဲ့ဆီ တင်ပြခဲ့ပေမဲ့ ခုခံချေပခွင့် လုံးဝမရခဲ့ဘူးလို့ သိရပါတယ်။











