ရေကြည်တွင် လုပ်ငန်းရှင် ၂ ဦးအား တော်လှန်ရေးတပ်များကို ကုန်ပစ္စည်းရောင်းချမှုဖြင့် စွပ်စွဲဖမ်းဆီး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ တော်လှန်ရေးတပ်တွေကို ကုန်ပစ္စည်းတွေ ရောင်းချပေးတယ်လို့ စွပ်စွဲပြီး စစ်အာဏာရှင်တပ်နဲ့ ရဲတွေက စားသောက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းရှင် ၂ ယောက်ကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၉ ရက် ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က ရေကြည်မြို့နယ်၊ ကက္ကူကြီးနဲ့ သက္ကပြင် ကျေးရွာတွေမှာ နေထိုင်တဲ့ စားသောက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းရှင် ၂ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက တော်လှန်ရေးတပ်တွေဆီ ကုန်ပစ္စည်းတွေ ရောင်းချပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရိုက်နှက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ဒေသခံတယောက်က “စားသောက်ကုန် ရောင်းဝယ်ရေးလုပ်နေတဲ့သူတွေကို PDF တွေကို ဆီရောင်း ပေးတယ်ဆိုပြီး ဖမ်းသွားတာ။ အိမ်တွေမှာ လာဖမ်းသွားတာ။ တပ်နဲ့ရဲတွေက ဖမ်းတာပါ။ ရိုက်နှက်ပြီး ဖမ်းသွားတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးသွားတဲ့ စားသောက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းရှင် ၂ ယောက်ဟာ အသက် ၃၀ ကျော်အရွယ် ကိုမြင့်ဆွေနဲ့ အသက် ၄၀ အရွယ် ကိုဇော်မင်းတို့ဖြစ်ပြီး ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ရေကြည်မြို့နယ် စစ်အာဏာရှင်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ငွေညှစ်ချင်တာကြောင့် ဖမ်းတာလို့ပဲ ယူဆတယ်။ အုပ်ကြီးက သတင်းပေးလို့ ဖမ်းတာလို့ သိရတယ်။ ဖမ်းတာ ဟုတ်ပါတယ်” လို့ ပြောပါတယ်။
အခု ဖမ်းဆီးခံရတဲ့ စားသောက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းရှင် ၂ ယောက်ဟာ တော်လှန်ရေး တပ်တွေဆီကို ကုန်ပစ္စည်းတွေ ရောင်းချပေးတာမျိုး မရှိဘဲ စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ စားသောက်ကုန်တွေနဲ့ တခြားကုန်ပစ္စည်းတွေကို အဓိက ရောင်းချပေးနေသူတွေလို့ သိရပါတယ်။











