
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဇီးရိုးစမ်းကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ ကြောင့် ဒေသခံအမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၄ ရက် ဒီမနက်ပိုင်းမှာ ရေကြည်မြို့နယ်၊ ဇီးရိုးစမ်းကျေးရွာအတွင်းကို ရေကြည် အမြောက်တပ် အမတ ၃၄၄ ဘက်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ ခဲ့တာဖြစ်ပြီး ကျည်စထိမှန်တာကြောင့် အိမ်ထဲမှာရှိနေတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေါ်လှဌေးဆိုတဲ့ အမျိုးသမီး သေဆုံးသွားတာပါ။ သူက တယောက်တည်း နေထိုင်သူလို့ သိရတယ်။ အဲဒီဖြစ်စဉ် ကြောင့် ဒေသခံတွေလည်း စိုးရိမ်ကြောက်လန့်နေကြတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ရေကြည်မြို့နယ်အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် Y-12 လေယာဉ်တွေနဲ့ ဂျက်ဖိုက်တာတွေကိုအသုံးပြုပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကလည်း ရေကြည်မြို့နယ်အတွင်း ရခိုင်ရိုးမအစပ် မြောက်စမ်း ကျေးရွာနားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တယောက် သေဆုံးခဲ့ပြီး ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











