
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မယင်းကူးကျေးရွာမှာ ရေကြီးရေလျှံလို့ ပျက်စီးသွားတဲ့ စိုက်ပျိုးလယ်ယာမြေတွေအတွက် ကူညီထောက်ပံ့ပေးတဲ့ ပဲမျိုးစေ့နဲ့ ဒီဇယ်ဆီတွေကို စစ်အာဏာရှင်လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က တောင်သူတွေကို အပြည့်အဝမပေးဘဲ မသမာတဲ့နည်းလမ်းနဲ့ ပြင်ပကို ခိုးထုတ်ရောင်းချနေတယ်လို့ ဒေသခံလယ်သမားတွေဆီက သိရပါတယ်။
မယင်းကူးကျေးရွာမှာ လယ်ယာမြေတွေ ရေနစ်မြုပ်ပျက်စီးခဲ့တာကြောင့် လယ်သမားတွေအတွက် တဧကကို ပဲမျိုးစေ့ ၁ တင်းခွဲနဲ့ ဒီဇယ်ဆီ ၃ ဂါလန်နှုန်း ထောက်ပံ့ပေးဖို့ စာရင်းကောက်ယူခဲ့ပေမဲ့ အဲဒီနှုန်းထားအတိုင်း အပြည့်အဝမပေးဘဲ အုပ်ချုပ်ရေးအဖွဲ့က ဖြတ်ယူထားတယ်လို့ ဆိုပါတယ်။
မယင်းကူးကျေးရွာမှာ မူလစိုက်ပျိုးဧက ၁,၂၀၀ ကိုသာ တင်ပြထားပေမဲ့ အကူအညီတွေ ရောက်ရှိလာချိန်မှာ အုပ်ချုပ်ရေးအဖွဲ့က နောက်တိုးဧက ၈၀၀ ရှိတယ်လို့ အကြောင်းပြပြီး လယ်သမားတယောက်ကို ဒီဇယ်ဆီ ၁ ဂါလံခွဲနဲ့ ပဲမျိုးစေ့ ၅ ပြည်ကနေ ၆ ပြည်လောက်သာ ပေးဝေတော့မယ်လို့ ဆိုပါတယ်။
ဒေသခံလယ်သမားတယောက်က “တဧကကို ပဲမျိုးစေ့တတင်းခွဲနဲ့ ဒီဇယ် ၃ ဂါလန်ပေးမယ်လို့ စာရင်းကောက်ထားတာပါ။ အခု တကယ်ပေးတဲ့အခါ အဲဒီလောက်မရဘူး။ သူတို့သတ်မှတ်တဲ့ ပမာဏကိုပဲ လက်ခံပြီး လက်မှတ်ထိုးခိုင်းတယ်။ တခြားရွာတွေမှာ အပြည့်ရပေမဲ့ ကျနော်တို့ ရွာမှာတော့ အခုလိုဖြစ်နေတာပါ” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ပြောတဲ့ ထပ်တိုးဧက ၈၀၀ ဆိုတာ ပုံစံ (၇) အမည်ပေါက်မရှိတဲ့ ကိုင်းမြေ တွေကို စာရင်းပိုပြထားတာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး လှအုန်း၊ သိန်းဇော်နဲ့ စာရေး သန်းနိုင် တို့က ထောက်ပံ့ကြေးနဲ့ ပစ္စည်းတွေကို ကိုယ်ကျိုးအတွက် ရောင်းချစားသောက်နိုင်ဖို့ မဟုတ်မမှန် စာရင်းပိုထည့်သွင်းထားတာလို့ ဒေသခံလယ်သမားတွေက ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က အပီအပြင်လုပ်တာ။ သူတို့ လျှော့ပေးတာကို လက်ခံပါကြောင်း တောင်သူတွေကို လက်မှတ်ထိုးခိုင်းတာ။ တောင်သူတွေက မယူမဖြစ်ဆိုတော့ ယူရတာပဲ” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။
ရေဘေးသင့်တောင်သူတွေအတွက် ထောက်ပံ့ပေးထားတဲ့ ဓာတ်မြေဩဇာတွေကိုလည်း အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက သူတို့ရဲ့ လယ်ယာမြေတွေမှာသာ အသုံးပြုနေကြတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
အခုလို ရေဘေးသင့်တောင်သူတွေအတွက် ရည်ရွယ်ထောက်ပံ့ပေးတဲ့ ပဲမျိုးစေ့၊ ဒီဇယ်ဆီနဲ့ ဓာတ်မြေဩဇာတွေကို အပြည့်အဝမရရှိတာကြောင့် လယ်သမားတွေမှာ စိုက်ပျိုးရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။











