
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရေနံမှော်အနီး ပဒိုင်းတောရွာကို စစ်အာဏာရှင်တပ်က နိုဝင်ဘာ ၁၄ ရက် မနက် ၉ နာရီကျော်မှာ လေကြောင်းကနေ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးခဲ့ပြီး ဘုန်းကြီး ၂ ပါးအပါအဝင် ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေအနီး တဲကြီးရွာနဲ့ တွင်းမပျူရွာကိုရောက်နေတဲ့ စစ်ကြောင်း ၂ ခုစလုံးကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဖိအားပေးတိုက်ခိုက်နေတာကြောင့် စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်က တွင်းမပျူရွာကို မြိုင်နယ်ထဲက ရေနံမှော်တွေကို စစ်ကြောင်းထိုးဖို့ ဗျူဟာအရအရေးပါတဲ့ အမာခံစခန်းအဖြစ် အစဉ်တစိုက် အသုံးပြုခဲ့တာဖြစ်ပြီး အခုလေကြောင်းတိုက်ခိုက်ခံရတဲ့ ပဒိုင်းတောရွာဟာ တွင်းမပျူရွာနဲ့ ၂ မိုင်ခွဲဝန်းကျင် အကွာအဝေးမှာ တည်ရှိတာဖြစ်ပါတယ်။
မြိုင်ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “ဂျိုင်ရိုကော်ပတာချတဲ့ဥစ္စာက ရဟန်း ၂ ပါးနဲ့ ပြည်သူ ၉ ဦး ထိခိုက်မှု ရှိတယ်ဗျ။ တွင်းမပျူရွာနားမှာတော့ ထိတွေ့ခဏတော့ ရှိခဲ့တာပေါ့။ တွင်းမနဲ့ ပဒိုင်းတောနဲ့ဆိုရင် ၂ မိုင်ခွဲလောက်တော့ ဝေးတယ်။ ငြိမ်သွားတဲ့အချိန်မှာ ဂျိုင်ရိုကော်ပတာ ၃ စီးလာတာ၊ ပထမဆုံးအစီးချတဲ့ဟာက ပဒိုင်းတောကျေးရွာက ကိုဖိုးထောင်ဆီဆိုင်ရှေ့မှာ ကျလိုက်တဲ့ဥစ္စာက ပြည်သူ ၉ ဦးနဲ့ ရဟန်း ၂ ပါးပေါ့၊ ၁ ဦးတော့ သေဆုံးရှိတယ်။ စကစ အနေနဲ့က တွင်းမပျူရွာအတွင်း အင်အား ၃၅၀ ခန့်လောက်ရှိတယ်။ ပေါက်မြိုင်အစပ်က ဝဲတူး၊ ဝဲဝမ်း၊ နွားသတ်-တဲကြီးအစပ်မှာက အင်အား ၆၀၀ ဝန်းကျင်လောက်ရှိတယ်။ သူတို့ဘာတွေ ပြောင်းလဲလာလဲဆိုတော့ စက်မှု ၂ ပတ်ဝန်းကျင်နဲ့ နွားသတ်-တဲကြီးပတ်ဝန်းကျင်မှာ ပစ်ခတ်မှုပိုင်းဆိုင်ရာ လက်နက်ကြီးငယ်၊ လေယာဉ်ကအစ လာချသွားတာ။ လေယာဉ်ကလည်း အကြိမ်ရေ ၉ ကြိမ်ဝန်းကျင်လောက်ရှိတယ်။ ရေနံမြေကို သူတို့အနေနဲ့စိုးမိုးချင်တယ်။ ဒါပေမဲ့ သူတို့ ရေနံမှော်ကို စိုးမိုးလို့မရဘူးဆိုတဲ့အနေအထားကို သိတဲ့အခါကြတော့ ဝဲတူး၊ ဝဲဝမ်း ပတ်ဝန်းကျင်မှာ သူတို့ အထိုင်တခုကို ချဖို့ရာအတွက် အတည်ပြုပြီးလုပ်ဆောင်နေတာတော့ ပြောလို့ရတယ်”လို့ ပြောပါတယ်။
မေလကုန်ပိုင်းကတည်းက မြိုင်နယ်ကို တပ်သားအင်အား ၅၀၀ ကျော် အသုံးပြုပြီးနယ်မြေထိန်းချုပ်ဖို့ စစ်အာဏာရှင်က ကြိုးစားခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်တာကြောင့် စစ်သား ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။
လက်ကျန်အင်အားနဲ့ တွင်းမပျူရွာကို အောက်တိုဘာ ၁၈ ရက်မှာ ထပ်ပို့ထားတဲ့အင်အားတွေပေါင်းရင် မြိုင်နယ်ထဲမှာ အနည်းဆုံး စစ်သားအင်အား ၉၀၀ ဝန်းကျင် အထိရှိနေတယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။
အချိန် ၆ လနီးပါးကြာတဲ့အထိ ရေနံမှော်ကိုပြန်သိမ်းဖို့ စစ်တပ်က အားထုတ်ခဲ့ပေမဲ့ အောင်မြင်မှုမရတာဟာ ဒေသကာကွယ်ရေးအဖွဲ့တွေက ခုခံနိုင်တာတခုတည်းကြောင့်မဟုတ်ဘဲ စစ်အာဏာရှင်တပ်အောက်ခြေအရာရှိတွေ စစ်မြေပြင်ကို လာချင်စိတ်မရှိတာကြောင့်ဖြစ်တယ်လို့ ဒေသခံနိုင်ငံရေးသမားတယောက်က မှတ်ချက်ပေးပါတယ်။
မကွေးဒေသခံနိုင်ငံရေးသမားတယောက်က “အဓိကကတော့ တော်လှန်ရေးချိနဲ့အောင်လို့ ဒါကို အဓိကထားတာပေါ့။ ဒါပေမဲ့ ဖရဲသီးသတင်းတွေအရဆိုရင်တော့ အညာဒူဘိုင်းကို စစ်ဆင်ရေးထိုးဖို့ရာအတွက်ကို အရာရှိငယ်တချို့ က ရှောင်ဖို့တိမ်းဖို့တွေ တော်တော်လေး ကြိုးစားတယ်လို့သိရတယ်။ဖရဲသီးသတင်းတွေပေါ့လေ။ အဲ့ဒါကလည်း စိတ်ချရတဲ့အရင်းမြစ်တွေပဲ။ ဘာကြောင့်လဲဆိုတော့ လေကြောင်းရန်ကို ကြိုပြီးတော့ သတင်းပေးနေတဲ့ ဖရဲသီးတွေက နေပြီးတော့မှ အဲ့ဒီလိုတော့ရှိတယ်တဲ့။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ သူတို့ အမိန့်ပေးတဲ့အတိုင်း အောက်ခြေ အရာရှိငယ်တွေက လုပ်မယ်ဆိုလို့ရှိရင် သူတို့ ဝင်တိုက်မှာကြာပြီပေါ့။ အခုသူတို့ အမိန့်မနာခံတဲ့အနေအထားလေးတွေ၊ တာဝန်ကျတဲ့ အရာရှိငယ်တွေက အထက်အရာရှိတွေကို အစမတန်လာဘ်ထိုးပြီးတော့မှ အဲ့ဒီကို သူတို့ နေရာရှောင်လွှဲလို့ရအောင် ကြိုးစားနေလို့မို့လို့ အဲ့ဒီလိုကြန့်ကြာနေတယ်ဆိုတာ ကျနော်တို့သိရတယ်ပေါ့”လို့ ပြောပါတယ်။
ရေနံမှော်တွေအနီး တဲကြီးရွာမှာတပ်စွဲထားတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဖိအားပေးတိုက်ခိုက်တာကြောင့် အောက်တိုဘာ ၁၃ ရက်နောက်ပိုင်းမှာ စစ်အာဏာရှင်တပ် လက်နက်ကြီးအထိုင်တခု ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု များခဲ့တာပါ။
ပေါက်နဲ့ မြိုင်နယ်အစပ်က ရေနံမှော်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ၂၀၂၄ မတ်လကတည်းက ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
မကွေးဒေသတွင်းတော်လှန်ရေးအစုအဖွဲ့တွေရဲ့ အဓိကဝင်ငွေရလမ်းဖြစ်တယ်လို့ယူဆတာကြောင့် စစ်အာဏာရှင်တပ်က ရေနံမှော်ဒေသကို ပြန်မထိန်းချုပ်နိုင်ရင်တောင် ရေနံလုပ်ကွက်တွေကို ဖျက်ဆီးနိုင်ဖို့ အားထုတ်နေတာဖြစ်ပါတယ်။
မေလကုန် ဇွန်လဆန်းကစပြီး မြိုင်နယ်ထဲကိုဝင်ရောက်ခဲ့တဲ့စစ်ကြောင်းဟာ ဒေသတွင်းကျေးရွာတွေကို ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၃၀၀ ကျော်ပျက်စီးဆုံးရှုံးပြီး အရပ်သား ၃၀ နီးပါးသေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။











