DVB Logo
Home
Lead Story
TIME မဂ္ဂဇင်း၏ လုပ်ရပ်သည် မှားသတဲ့လား
လှစိုးဝေ
·
October 8, 2026
TIME မဂ္ဂဇင်း၏ လုပ်ရပ်သည် မှားသတဲ့လား
Donate to DVB

မြန်မာ့လေကြောင်းလိုင်းများ၏ Business Class တွင် စီးနင်းလိုက်ပါလေ့ရှိသော  ခရီးသည်များသည် ၎င်းတို့အတွက် ထားပေးထားသော  မဂ္ဂဇင်းများထဲမှ TIME မဂ္ဂဇင်းသည် ထူးထူးခြားခြား ပျောက်ကွယ်နေသည်ကို သတိထားမိခဲ့ကြသည်။

စစ်အုပ်စု ပြန်ကြားရေးအဖွဲ့က TIME မဂ္ဂဇင်း၏ ဆောင်းပါးသည် မဟုတ်မမှန်သော သုံးသပ်ချက်များ၊ ပြင်ပပုဂ္ဂိုလ်များ၏ အင်တာဗျူးများကို ထည့်သွင်းထားသဖြင့် မရိုးသားကြောင်းနှင့် သတင်းစာကျင့်ဝတ် ဖောက်ဖျက်ကြောင်း ထုတ်ပြန်ကာ  ပြစ်တင်ရှုတ်ချခဲ့သည်။

TIME မဂ္ဂဇင်းကို မြန်မာပြည်တွင်း၌ ပိတ်ပင်ခဲ့ပြီး သတင်းထောက် ချာလီ ကမ်းဘဲလ်ကိုလည်း နာမည်ပျက်စာရင်းသွင်းကာ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပြန်သည်။

စင်ကာပူနိုင်ငံရှိ စစ်အုပ်စု သံရုံးတာဝန်ခံက TIME မဂ္ဂဇင်းထံသို့ အဆိုပါဆောင်းပါးအား ဝက်ဘ်ဆိုက်ပေါ်မှ ဖြုတ်ချပေးရန် ဖိအားပေး တောင်းဆိုခဲ့သော်လည်း TIME ဘက်က ဖြုတ်ချပေးခြင်းမရှိဘဲ ဆက်၍ တင်ထားသည်။ ၎င်းတို့၏ ပြောဆိုမှုများကိုလည်း အရေးအရာလုပ်၍ တုံ့ပြန်ခဲ့ခြင်းလည်း မရှိ။

မင်းအောင်လှိုင်သည် ထိုင်နေ အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုသလို ဖြစ်သွားခဲ့ရသည်။ သမ္မတဘွဲ့ကို ခံယူကာ နိုင်ငံ ၉ နိုင်ငံလောက် သွားခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ပြည်ပမှ နာမည်ကျော် မဂ္ဂဇင်းကြီးတစောင်ကပင် အင်တာဗျူးပါရစေဟု စင်ကာပူရှိ ၎င်း၏သံရုံးကို ချဉ်းကပ်လာသည်ကို ကံဇာတာတက်လာပြီဟု အထင်ရောက်ကာ အဘယ်အကြောင်းနှင့် လက်လွှတ်ခံ၍ ဖြစ်ပေမည်နည်း။ သို့‌သော် ၎င်းထင်သလို ဖြစ်မလာဘဲ “အာဏာရှင်” ဟု စာလုံးမည်းကြီးများနှင့် ခေါင်းစဉ်တပ် သုံးနှုန်းခံရခြင်းနှင့် ဝေဖန်ဆန်းစစ်ချက်များ ပါဝင်လာခြင်းကြောင့် ဆတ်ဆတ်ခါ နာသွားခဲ့ရသည်။ အကယ်၍သာ မည်သို့မျှ မတုံ့ပြန်ဘဲ နေမည်ဆိုက ထိုမျှလောက် အရှက်တကွဲ ဖြစ်လာစရာ ရှိမည် မဟုတ်ပေ။

မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများလောက်သာ တွေ့ထိ ကျွမ်းဝင်ဖူးကြသူများက TIME ကို သတင်းစာကျင့်ဝတ် ဖောက်ဖျက်သည်ဟု ဆိုကာ ပြောဆိုလာခြင်းက ကြားရသူအပေါင်း ပါးစပ်အဟောင်းသား ဖြစ်ခဲ့ကြရသည်။

ကျနော်သည် ကနေဒါတွင် လွန်ခဲ့သည့် နှစ် နှစ်ဆယ်ကျော်ခန့်က သတင်းစာပညာကို ဝါသနာအလျောက် ညနေပိုင်း တနှစ်သင်တန်း တက်ရောက်ဆည်းပူးခဲ့ဖူးပါသည်။

TIME မဂ္ဂဇင်း၏ လုပ်ရပ်သည် နိုင်ငံတကာ အဆင့်မြင့်သတင်းစာပညာ လောကတွင် လုံးဝ လုပ်ရိုးလုပ်စဉ်သာ  ဖြစ်သည် ဆိုသည်ကို တပ်အပ်သေချာ ပြောနိုင်ပေသည်။ စစ်ကောင်စီဘက်က သတင်းစာကျင့်ဝတ် ဖောက်ဖျက်သည်ဟု စွပ်စွဲသော်လည်း အမှန်တကယ်တွင် TIME သည် လွတ်လပ်သော မီဒီယာတခု၏ အခြေခံမူများကိုသာ တိတိကျကျ လိုက်နာဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ မီဒီယာကြီးများသည် အင်တာဗျူးဖြေဆိုသူ ပြောသမျှကို အမှန်ဟု ယူဆပြီး ပုံနှိပ်လေ့ မရှိပါ။ အထူးသဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင်တဦး၏ ပြောကြားချက်များကို ပြည်တွင်း ပကတိအခြေအနေများ၊ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အစီရင်ခံစာများနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ဆောင်းပါးအဖြစ် ပေါင်းစပ်ရေးသားလေ့ ရှိသည်။

မင်းအောင်လှိုင်က ၎င်းတို့တွင် ဒီမိုကရေစီလမ်းကြောင်း ရှိသည်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာထားရှိသည်ဟု ပြောလျှင် သတင်းထောက်က ၎င်းပြောကြားချက်နှင့်အတူ မြန်မာပြည်တွင်း၌ လေကြောင်းမှ ဗုံးကြဲမှုများ၊ အတိုက်အခံများကို ထောင်ချထားမှုများကိုပါ ကမ္ဘာက သိအောင် ပူးတွဲဖော်ပြပေးရသည်။ ဤသည်မှာ လွတ်လပ်သော သတင်းစာပညာ၏ မရှိမဖြစ် တာဝန်ဖြစ်သည်။

မင်းအောင်လှိုင်သည် ရုပ်ရှင်မဂ္ဂဇင်းများထဲက မင်းသား၊ မင်းသမီး အင်တာဗျူးလို TIME က မေးခွန်းနှင့် အဖြေ (Q&A Format) သီးသန့်အတိုင်း စာမျက်နှာပေါ်တွင် တလုံးမကျန် ဖော်ပြပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ပုံရသည်။

နိုင်ငံတကာတွင် ခေါင်းဆောင်တဦးကို အင်တာဗျူးလျှင် အမေး အဖြေ သက်သက်ထက် ၎င်း၏ အပြုအမူ၊ လေသံ၊ ရုံးခန်းအပြင်အဆင်၊ ဝေဖန်ဆန်းစစ်ချက်များနှင့် အခြား မျက်မြင်သက်သေများ၏ အမြင်များကို ပေါင်းစပ်ပြီး “ဆောင်းပါးရှည်” (Feature/Profile Article) ပုံစံဖြင့်သာ ရေးသားလေ့ရှိပြီး ယင်းမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်သာ ဖြစ်သည်။

ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများနှင့် ကုလသမဂ္ဂက အသိအမှတ်မပြုထားဘဲ လက်နက်အားကိုးဖြင့် ဓားမိုးအုပ်ချုပ်နေသည့် ခေါင်းဆောင်တဦးကို လွတ်လပ်သော အနောက်နိုင်ငံ မီဒီယာများက “အာဏာရှင်”  သို့မဟုတ် “စစ်အုပ်စုခေါင်းဆောင်”  ဟု သုံးနှုန်းခြင်းသည် ပုံမှန် သတင်းစာသုံးနှုန်းမှုသာ ဖြစ်သည်။ ၎င်းမျှော်လင့်သလို “နိုင်ငံတော်သမ္မတ” ဟု ခေါ်ဝေါ်ပေးရန် မီဒီယာများတွင် တာဝန်မရှိပေ။

TIME မဂ္ဂဇင်းသည် ယခု မင်းအောင်လှိုင်သာမကဘဲ ယခင် ကမ္ဘာကျော် အာဏာရှင်များ ဖြစ်ကြသည့် အဒေါ့ဖ် ဟစ်တလာ၊ အီဒီ အာမင်း၊ ဆက်ဒမ် ဟူစိန်၊ နီကိုလပ်စ် မာဒူရိုနှင့် လက်ရှိ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် တို့ကိုလည်း အင်တာဗျူးခဲ့ဖူးပေသည်။ ထိုစဉ်ကလည်း ၎င်းတို့ ပြောသမျှကို ဝါဒဖြန့်ခွင့်မပေးဘဲ ၎င်းတို့ ကျူးလွန်ထားသည့် ရာဇဝတ်မှုများ၊ သမိုင်းနောက်ခံများနှင့် ပူးတွဲပြီး ကမ္ဘာကသိအောင် ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြသည့် ဆောင်းပါးများအဖြစ်သာ ထုတ်ဝေခဲ့သည်။

အာဏာရှင်များသည် မီဒီယာများကို ၎င်းတို့၏ ဝါဒဖြန့်ကိရိယာအဖြစ်သာ အသုံးချချင်ကြပြီး လွတ်လပ်သော မီဒီယာများက သတင်းစာပညာ ကျင့်ဝတ်အတိုင်း အချက်အလက် စိစစ်ဝေဖန်လိုက်သည့်အခါတိုင်း “မီဒီယာများသည် မရိုးသားပါ၊ ကျင့်ဝတ်ဖောက်ဖျက်သည်” ဟု အမြဲတမ်း အော်ဟစ်ကာ ကန့်ကွက်လေ့ရှိခြင်းသည် ကမ္ဘာ့သမိုင်းတွင် ရိုးအီနေပြီဖြစ်သော ဖြစ်ရိုးဖြစ်စဉ် ပြဿနာတခုသာ ဖြစ်ပါသည်။

ထို့ကြောင့် TIME မဂ္ဂဇင်း၏ လုပ်ရပ်သည် ကျင့်ဝတ်ဖောက်ဖျက်ခြင်း မဟုတ်ဘဲ စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး ကိရိယာအဖြစ် အသုံးချမခံရစေရန် ဂုဏ်သိက္ခာရှိသော သတင်းစာပညာ စံနှုန်းများအတိုင်း လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်‌ပါသည်ဟု ရေးသားလိုက်ရပေသည်။

လှစိုးဝေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013