
အခုနှစ်အစောပိုင်း တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံဆီ ဗုဒ္ဓမြတ်စွယ်တော် ကြွတဲ့ခရီးစဉ်ဟာ ထိုင်းနဲ့ တရုတ် နှစ်နိုင်ငံအကြား ဘာသာရေးနဲ့ ယဉ်ကျေးမှု နက်နက်ရှိုင်းရှိုင်း ဖလှယ်မှုကို ကိုယ်စားပြုတယ်လို့ တရုတ်ဆရာတော်ကြီးတပါးက မိန့်ကြားပါတယ်။
၂၀၂၄ ခုနှစ်အကုန်မှာ ဗုဒ္ဓရဲ့ စွယ်တော်တဆူဟာ တရုတ်မြို့တော် ပေကျင်းမြို့ လင်းကွမ်း ဘုရားကျောင်းကနေ ထိုင်းမြို့တော် ဘန်ကောက်မြို့ဆီ ကီလိုမီတာ ၄,၅၀၀ ခရီးနဲ့ စတင် ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီလလယ်အထိ ၇၃ ရက်တိုင်တိုင် ကိန်းဝပ်ခဲ့ပါတယ်။
သကျမုနိဗုဒ္ဓရဲ့ စွယ်တော် ၂ ဆူရှိတဲ့ ကမ္ဘာ့ တခုတည်းသော ကျောင်းတော် လင်းကွမ်းရဲ့ ကျောင်းထိုင်ဆရာတော် ချန်ကျန်းလည်း စွယ်တော်နဲ့အတူ ဒီခရီးစဉ်မှာ လိုက်ပါခဲ့တာပါ။
ဒီခရီးစဉ်ဟာ တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် ဖြစ်သလို ထိုင်းဘုရင်ကြီးရဲ့ ၇၂ နှစ်မြောက် မွေးနေ့နဲ့လည်း တိုက်ဆိုင်တဲ့အတွက် ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမှာပါလို့ ဆရာတော်က မိန့်ပါတယ်။
လင်းကွမ်းကျောင်းတော်ကနေ ထိုင်းနိုင်ငံကိုရောက်ချိန်နဲ့ ဌာပနာပွဲအထိ ခရီးသွားလာရာ ခြေလှမ်းတိုင်းမှာ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာတွေကို ဂရုတစိုက် လိုက်နာရမယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
အစမ်းလေ့ကျင့်တာ တလကျော်ခဲ့ပါတယ်။ ကိုယ်ဟန်အနေအထား၊ ခြေတလှမ်း၊ လက်ဟန် အမူအရာတိုင်းကို လေ့ကျင့်ထားပါတယ်။ ချိန်သားကိုက်မှုက စက္ကန့်တိုင်းအတွက် အတိအကျပါပဲလို့ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။
Source: Reuters