
ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ နောင်ယိုင်မြို့နယ်ထဲမှာ နိုဝင်ဘာ ၅ ရက်က ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်တဲ့ တန်းလျားနဲ့ တိုက်ခန်းတွေကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့ပြီး ဥပဒေနဲ့ မညီညွတ်သူ ၈၃ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင် ဝင်ရောက်နေထိုင်သူ၊ အလုပ်သမားဥပဒေ ချိုးဖောက်သူတွေကို နှိမ်နင်းဖို့ အတွက် ယုထနာကန်ဖာ့ဆန် (အရုဏ်ဦးစစ်ဆင်ရေး) ဆောင်ရွက်နေတာမှာ မနေ့မနက် ၆ နာရီက နောင်ယိုင်မြို့၊ နောင်ယိုင်ရပ်ကွက်၊ နယ်မြေ ၆ ရှိ အလုပ်သမားတန်းလျား၊ တိုက်ခန်းနဲ့ လုပ်ငန်းခွင် တွေကို ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ အမှတ် ၃ တိုင်းဒေသ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ချင်နဝုဒ် တန့်ဝုန်းလိုတ်က သတင်းထောက်တွေကို ပြောပါတယ်။
အဓိကမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို စတဲ့ ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပြီး အဆိုပါနယ်မြေထဲကနေ ရွှေ့ပြောင်းလုပ်သား အယောက် ၅၅၀ ကို စစ်ဆေးခဲ့တယ်။
သူတို့အားလုံးမှာ တရားဝင် နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့်အထောက်အထားနဲ့ အလုပ်သမား မှတ်ပုံတင်ကတ်တွေ ရှိကြတယ်၊ ဒါပေမဲ့ ၈၃ ယောက်မှာ သက်ဆိုင်ရာကို နေရပ်လိပ်စာ အကြောင်းကြားဖို့ ပျက်ကွက်တယ်၊ ဒါကြောင့် သက်ဆိုင်ရာ တည်းခိုခန်းပိုင်ရှင်တွေနဲ့ တာဝန်ရှိသူ တွေကို ဆက်လက် စုံစမ်းဖော်ထုတ်ပြီး ၁၉၇၉ ခုနှစ်မှာ ပြဋ္ဌာန်းတဲ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၃၈ အရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လဝက ရဲတပ်ဖွဲ့ အနေနဲ့ ပြည်သူလူထုရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ရာ ဒီလို စစ်ဆေးမှုတွေကို ဆက်ပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမှာ ဖြစ်တယ်၊ နယ်မြေထဲမှာ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေ တွေ့ရှိက အရေးပေါ်ဖုန်းလိုင်း ၁၁၇၈ ကို ဆက်သွယ်အကြောင်းကြားဖို့လည်း ချွန်းပူးရီး လဝက ရဲမှူးက ပြောပါတယ်။
Source: Amarin TV News











