Home
ဆောင်းပါး
လွမ်ပရာဘွမ် ရေကာတာကြောင့် နောက်ထပ် ငလျင်ကြီးတခု ဖြစ်လာနိုင်မလား
DVB
·
June 30, 2025

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ကြီးတခု လှုပ်သွားခဲ့ပါတယ်။ ဒါဟာ ၂၀၂၅ ခုနှစ်အတွင်း အပြင်းထန်ဆုံး ငလျင်လှုပ်ခတ်မှုလည်း ဖြစ်ပါတယ်။ ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက်မှာ လှုပ်ခတ်ခဲ့ပြီး ငလျင်ရဲ့ဗဟိုချက်က စစ်ကိုင်းမြို့နဲ့ ၁၆ ကီလိုမီတာအကွာမှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ငလျင်ရဲ့ ပျက်စီးမှုလမ်းကြောင်းဟာ ကီလိုမီတာ ၁,၀၀၀ ကျော်အထိ ရှည်လျားခဲ့ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အထပ်မြင့် အဆောက်အအုံတခုတောင် ပြိုကျခဲ့ပါတယ်။

မြန်မာနိုင်ငံထဲမှာတော့ ဒီငလျင်ကြောင့် အဖြစ်ဆိုးကြီးတခု ထပ်မံကြုံခဲ့ကြရပြီး တလအကြာမှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ လူပေါင်း ၃,၇၇၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဘန်ကောက်မှာလည်း သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့ပါတယ်။

ဒီငလျင်ဟာ သတိပေးခေါင်းလောင်း ထိုးလိုက်တာပါပဲလို့ မြန်မာနဲ့ လာအိုနိုင်ငံတွေက ငလျင်အန္တရာယ်ရှိတဲ့ ဒေသတွေကို လေ့လာနေတဲ့ ထိုင်းငလျင်ပညာရှင် ဒေါက်တာ ပွန်ညာ ချာရူစီရီ က ပြောပါတယ်။ 

“စစ်ကိုင်းပြတ်ရွေ့ကြောဟာ ကျနော်တို့ ထင်ထားတာထက် အများကြီး ပိုအန္တရာယ်များပါတယ်” လို့ သူက The Diplomat သတင်းဌာနကို ပြောခဲ့ပါတယ်။ “ဒါ့အပြင် ငလျင်ဇုန်တွေထဲမှာ ရေကာတာတွေဆောက်တဲ့ အန္တရာယ်ကိုလည်း ပိုပြီး အာရုံစိုက်ဖို့ လိုအပ်နေပြီ ဆိုတာကို ဒီငလျင်က သတိပေးလိုက်တာပါပဲ။”

ဒါပေမဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့ တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီတို့ကတော့ သဘာဝတရားရဲ့ သတိပေးမှုကို အလေးမထားကြပါဘူး။ သူတို့ဟာ မြန်မာနိုင်ငံက မတ်လ ငလျင်ရဲ့ ဗဟိုချက်နဲ့ ကီလိုမီတာ ၁၀၀ ပဲဝေးတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာပဲ တည်ရှိတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို ပြန်လည်စတင်ဖို့ တာစူနေကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၂၂ ရက်နေ့မှာ “အရင်က ဆိုင်းငံ့ထားခဲ့တဲ့ မြစ်ဆုံရေကာတာသာ ဆောက်ဖြစ်ခဲ့ရင် အခုလို မီးပျက်တာတွေတောင် ခံစားရမှာမဟုတ်ဘူး” လို့ ညည်းတွား ပြောဆိုခဲ့ပါတယ်။ ဒီရေကာတာကြီးကို သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူတွေရဲ့ ဖိအားပေးမှုနဲ့ ဘေးကင်းလုံခြုံရေး စိုးရိမ်ရတဲ့အတွက်ကြောင့် သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ်မှာ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ တရုတ်-မြန်မာ ပူးတွဲကော်မတီတခုက ပြန်လည်စတင်ဖို့ ကြိုးစားနေပါတယ်။

ငလျင်အန္တရာယ်ရှိတဲ့ ပြတ်ရွေ့ကြောပေါ်မှာ ဧရာမရေကာတာကြီးတခု ဆောက်တာဟာ အိပ်မက်ဆိုးတခုလိုပါပဲလို့ ဆည်မြောင်းဆိုင်ရာ ဘေးအန္တရာယ်ကျွမ်းကျင်သူတွေက ပြောပါတယ်။

လတ်တလောနှစ်တွေမှာ ရေအားလျှပ်စစ်အတွက် တည်ဆောက်ကြတဲ့ဆည်တွေ ထိခိုက်ပျက်စီးကြတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒီနှစ် ဇန်နဝါရီလက တိဘက်မှာ ငလျင်လှုပ်ပြီးနောက် တရုတ်အာဏာပိုင်တွေဟာ ဒေသတွင်းက ရေအားလျှပ်စစ်ဆည် ၁၄ ခုအနက် ၅ ခုမှာ အက်ကြောင်းတွေလိုမျိုး ပြဿနာတွေ ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ ၅ ခုထဲက ၃ ခုဆိုရင် ရေတွေအားလုံး ဖွင့်ချခဲ့ရတဲ့အထိ ဖြစ်ပျက်ခဲ့ပါတယ်။ ငလျင်ဗဟိုချက်ဖြစ်တဲ့ တင်ဂရီမြို့မှာဆိုရင် ဆည်တမံနံရံတခု တိမ်းစောင်းသွားလို့ အောက်ဘက်က ကျေးရွာ ၆ ရွာက လူပေါင်း ၁,၅၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ငလျင်အလှုပ်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ မဲခေါင်မြစ်တလျှောက်မှာ ဆည်တွေအများကြီးဆောက်ဖို့ စီစဉ်ထားတဲ့ လာအိုနိုင်ငံ မြောက်ပိုင်းဟာလည်း အန္တရာယ်အလွန်များတဲ့နေရာ ဖြစ်ပါတယ်။

မဲခေါင်မြစ် အောက်ပိုင်းမှာဆိုရင် ပြတ်ရွေ့ကြောတခုတည်းမှာ ဆည်တွေ ဆက်တိုက်ဆောက်လုပ်ဖို့ စီစဉ်ထားပြီး ဖြစ်နေကြပါပြီ။ အဲဒီနေရာဟာ ငလျင်တွေ မကြာခဏ လှုပ်လေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက လည်ပတ်နေတဲ့ ဆိုင်ယဘူရီ (Xayaburi) ဆည်အနီးတဝိုက်မှာ ငလျင်တော်တော်များများ လှုပ်ခတ်ခဲ့ဖူးပါတယ်။ ၂၀၁၉ မှာ လာအိုမြောက်ပိုင်းနဲ့ ထိုင်းနိုင်ငံမှာ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်တခု ဆိုင်ယဘူရီဆည်အနီး လှုပ်ခတ်ခဲ့ပေမဲ့ ကံကောင်းစွာနဲ့ပဲ ဆည်ကိုတော့ ကြီးကြီးမားမားထိခိုက်မှု မရှိခဲ့ပါဘူး။

နောက် ငလျင်ကြီးတခု လွမ်ပရာဘွမ်ပြည်နယ်မှာ ဖြစ်လာနိုင်မလား။

ယူနက်စကို ကမ္ဘာ့အမွေအနှစ်မြို့တော်ဖြစ်တဲ့ လွမ်ပရာဘွမ်မြို့နဲ့ ၂၅ ကီလိုမီတာအကွာမှာ မဂ္ဂါဝပ် ၁,၄၄၀ ထုတ်လုပ်နိုင်မယ့် ရေကာတာကြီးတခု ဆောက်လုပ်နေတာကို ဒေသခံ လာအိုပြည်သူ အများအပြားက ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။ ပိုဆိုးတာက ဆည်တည်ဆောက်နေတဲ့ နေရာဟာ လှုပ်ရှားနေတဲ့ ငလျင်ပြတ်ရွေ့ကြောနဲ့ ၈ ဒသမ ၆ ကီလိုမီတာပဲ ကွာဝေးနေတဲ့ အချက်ပါပဲ။

ဒီလောက်ကြီးမားတဲ့ ရေကာတာဟာ ငလျင်တခုဖြစ်လာဖို့ လှုံ့ဆော်နိုင်ပြီး ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရှယ်ပီယန် ရှယ်နမ့်နွဲ့ (Xe Pian Xe Namnoy) ဆည်ကျိုးကျသလိုမျိုး ကပ်ဘေးကြီးတခု ဖြစ်လာမှာကို လူအများက စိုးရိမ်နေကြပါတယ်။ (အဲဒီဆည်ကျိုးကျမှုကတော့ ငလျင်ကြောင့်မဟုတ်ပါ)။ လွမ်ပရာဘွမ်ဆည်ကို လက်ရှိမှာ ဆောက်လုပ်နေပြီး ၂၀၃၀ မှာ လုပ်ငန်းစတင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မဲခေါင်မြစ်ပေါ်က စီမံကိန်းအသစ်တိုင်းဟာ မဲခေါင်မြစ်ကော်မရှင် (MRC) ရဲ့ ကြီးကြပ်မှုနဲ့ အဖွဲ့ဝင် ၄ နိုင်ငံနဲ့ တခြားသက်ဆိုင်သူတွေ ပါဝင်တဲ့ ၆ လကြာ ဆွေးနွေးမှုလုပ်ငန်းစဉ်ကို လိုက်နာရပါတယ်။ MRC ဟာ ဆွေးနွေးမှုတွေကို အဆင်ပြေအောင် လုပ်ဆောင်ပေးပေမဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ ဆည်လုံခြုံရေးလို အရေးကြီးတဲ့ ကိစ္စရပ်တွေမှာတော့ တိုက်ရိုက်အရေးယူနိုင်တဲ့ အာဏာ မရှိပါဘူး။

CK Power ဦးဆောင်တဲ့ ထိုင်းကုမ္ပဏီအုပ်စုက ဆောက်လုပ်နေတဲ့ လွမ်ပရာဘွမ်ဆည်ဟာ မဲခေါင်မြစ်အောက်ပိုင်းက ဆည်တွေထဲမှာ အငြင်းပွားစရာ အ‌ကောင်းဆုံး ဆည်တခု ဖြစ်နေပါတယ်။ MRC ရဲ့ ၂၀၂၀ ခုနှစ် နည်းပညာပိုင်းဆိုင်ရာ သုံးသပ်ချက်အရ ဒီဆည်ဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအတွက် “အတော်လေး အန္တရာယ်ရှိတယ်” လို့ ဖော်ပြထားပါတယ်။ MRC ရဲ့ နည်းပညာကျွမ်းကျင်သူတွေက ဒီစီမံကိန်းအတွက် အမြင့်မားဆုံး ဆည်လုံခြုံရေးစံနှုန်းတွေကို သုံးဖို့ အလေးပေး ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က ဆည်ရဲ့ဆိုးကျိုးတွေကို ဘယ်လို အကောင်းဆုံး လျှော့ချမလဲ ဆိုတာကိုပဲ စဉ်းစားတာဖြစ်ပါတယ်။ ဒီဆည်ကို ဆောက်သင့်၊ မဆောက်သင့်ဆိုတဲ့ မေးခွန်းကိုတော့ ဖြေရှင်းခြင်း မရှိပါဘူး။

တချို့သော လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေကတော့ မဲခေါင်မြစ်ကော်မရှင်နဲ့ ဆည်ဆောက်သူတွေဟာ ငလျင်လှုပ်ရှားမှုများတဲ့ နေရာတွေက ဆည်ကြီးတွေရဲ့ အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ သူတို့ပြောနေသလို “အမြင့်ဆုံး စံနှုန်းတွေ” အတိုင်း တကယ်ရော ကျင့်သုံးရဲ့လားလို့ မေးခွန်းထုတ်နေကြပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူနက်စကိုရဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့က “ကြိုတင်ကာကွယ်ရေးမူ” အရ ဆည်နေရာကို ရွှေ့သင့်တယ်လို့ ကောက်ချက်ချခဲ့ပေမဲ့ လာအိုအစိုးရရော၊ MRC ကပါ ကုလသမဂ္ဂအဖွဲ့ရဲ့ အစီရင်ခံစာကို လျစ်လျူရှုခဲ့ပါတယ်။

ချူလာလောင်ကွန်းတက္ကသိုလ်က ရေအရင်းအမြစ် အင်ဂျင်နီယာဌာနရဲ့ ဒုတိယအကြီးအကဲ လက်ထောက်ပါမောက္ခ ပါဗီဆွန် ချွန်ချမ်က “ငလျင်အန္တရာယ်များတဲ့ ဒေသတွေမှာ ခိုင်မာတဲ့ ဆည်လုံခြုံရေးဆိုင်ရာ သုံးသပ်ချက်တခု လုပ်မယ်ဆိုရင် အင်ဂျင်နီယာပိုင်းဆိုင်ရာ တွက်ချက်မှုတွေရော၊ ဘူမိရူပဗေဒနဲ့ ငလျင်ဆိုင်ရာ ကွင်းဆင်းလေ့လာမှုတွေပါ ပေါင်းစပ်လုပ်ဆောင်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။

ဂျပန်ပါမောက္ခ ဟီရိုရှီ ဟိုရီရဲ့ ကျယ်ပြန့်တဲ့ သုတေသနကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ သူက “မဲခေါင်-ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှု” ဆိုတဲ့ စာအုပ်ထဲမှာ “ငလျင်ဇုန်တွေမှာ ရေလှောင်ကန်ထဲ ရေသိုလှောင်ဝာာ ဒါမှမဟုတ် ရေလှောင်ကန်ကို အသုံးပြုလည်ပတ်တာတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် ငလျင်ဖြစ်နိုင်ခြေတွေ ပိုများလာတယ်” လို့ သတိပေးထားပါတယ်။

MRC ရဲ့ နည်းပညာကျွမ်းကျင်သူတွေ အားလုံးနီးပါးဟာ အင်ဂျင်နီယာဘွဲ့ရတွေချည်းပါပဲ။ သူတို့ဟာ အင်ဂျင်နီယာပိုင်းဆိုင်ရာ တွက်ချက်မှုတွေမှာ ထူးချွန်ကြမှာ သေချာပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကောက်ချက်တွေမှာ မြေပြင်ကွင်းဆင်းလေ့လာမှုကရတဲ့ အသိပညာတွေ လိုအပ်နေပါတယ်။

ငလျင်ပညာရပ်ဆိုင်ရာ မြေပြင်ကွင်းဆင်းလေ့လာမှုဆိုတာ ဒေါက်တာ ချာရူစီရီတယောက် ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ ဘူမိဗေဒဌာနမှာ တွဲဖက်ပါမောက္ခအဖြစ် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တဲ့ အရာပါပဲ။ “ကျနော် လွမ်ပရာဘွမ်က လှုပ်ရှားနေတဲ့ ငလျင်ပြတ်ရွေ့ကြောနေရာကို ၃ ခေါက်ရောက်ဖူးပါတယ်။ အဲဒါက ဆည်နဲ့ ၈ ဒသမ ၆ ကီလိုမီတာပဲ ဝေးပါတယ်။ ဒီလောက်နီးတဲ့ ပြတ်ရွေ့ကြောနားမှာ ဆည်တည်ဆောက်တာက အလွန်အန္တရာယ်များပါတယ်။ အနာဂတ်မှာ ငလျင်ကြီးတခု လှုပ်ကိုလှုပ်မှာ သေချာတယ်” လို့ သူက ၂၀၂၄ ခုနှစ်မှာ ပြောခဲ့ပါတယ်။

MRC ကတော့ Dam Safety Review Panel (DSRP) ဆိုတဲ့ ဆည်လုံခြုံရေး သုံးသပ်တဲ့အဖွဲ့တခု ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့ဟာ ဆည်ဘေးကင်းရေး၊ ဟိုက်ဒရောလစ်အင်ဂျင်နီယာနဲ့ ဘူမိနည်းပညာ အင်ဂျင်နီယာပညာရပ်တွေမှာ အဆင့်မြင့်ဘွဲ့တွေရထားတဲ့ နိုင်ငံတကာ ဆည်ကျွမ်းကျင်သူ ၃ ယောက်နဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီဆည်လုံခြုံရေး အစီအမံတွေထဲမှာ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေက အရေးကြီးတယ်လို့ အခိုင်အမာ ပြောဆိုနေတဲ့ “ဘူမိရူပဗေဒနဲ့ ငလျင်ဆိုင်ရာ ကွင်းဆင်းလေ့လာမှု” အကြောင်းကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။

နောက်ထပ် ငလျင်ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာ ဆဖန် ဆင်ဟာရာ့ဝါရန်ပန်ကလည်း လာအိုမြောက်ပိုင်းက ငလျင်အန္တရာယ်တွေအကြောင်း သတိပေးခဲ့ပါတယ်။ 

သူက “ကြိုတင်ကာကွယ်မှုတွေနဲ့ ဆည်လုံခြုံရေး အစီအမံတွေကို နိုင်ငံတကာ စစ်ဆေးရေးအဖွဲ့တခုက ကြီးကြပ်တာမျိုး မလုပ်ဘူးဆိုရင် ငလျင်ကြီးတခု လှုပ်တဲ့အခါ ဆည်တမံနံရံ ပြိုကျပြီး ကုန်းတွင်း ဆူနာမီလိုမျိုး အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်” လို့ ပြောခဲ့ပါတယ်။

ရေအားလျှပ်စစ်လုပ်ငန်း လုပ်ကိုင်ကြသူတွေဟာ အင်ဂျင်နီယာပိုင်းဆိုင်ရာ သုံးသပ်ချက်တွေကို သူတို့ကိုယ်တိုင်ပဲ ရန်ပုံငွေထောက်ပံ့တာ ဒါမှမဟုတ် တာဝန်ပေးအပ်တာတွေ လုပ်လေ့ရှိတဲ့အတွက် အကျိုးစီးပွား ပဋိပက္ခတွေ ဖြစ်နိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ လွတ်လပ်တဲ့ ကြီးကြပ်မှုနဲ့ ခိုင်မာတဲ့ စည်းမျဉ်းမူဘောင်တွေ မရှိဘူးဆိုရင် ဘေးအန္တရာယ်ဆိုင်ရာ သုံးသပ်ချက်တွေဟာ ဘက်လိုက်တာ ဒါမှမဟုတ် အဆိုးဆုံး အခြေအနေတွေကို လျှော့ပေါ့တွက်ဆတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

စီမံကိန်းကြီးကြပ်သူ AFRY ကုမ္ပဏီကတော့ လွမ်ပရာဘွမ်ဆည်ဟာ နိုင်ငံတကာဆည်ကြီးများကော်မရှင် (ICOLD) ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာထားပြီး အပြင်းထန်ဆုံး ငလျင်ဒဏ်ကိုတောင် ခံနိုင်ရည်ရှိအောင် ဒီဇိုင်းဆွဲထားတယ်လို့ အာမခံထားပါတယ်။ ဒါပေမဲ့ ICOLD ဆိုတာကလည်း လွတ်လပ်တဲ့အဖွဲ့အစည်း မဟုတ်ဘဲ ရေအားလျှပ်စစ်လုပ်ငန်းရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။

MRC ကတော့ သူတို့ရဲ့ နောက်ဆုံးနည်းပညာသုံးသပ်ချက်မှာ ငလျင်အန္တရာယ်ဟာ “လက်ခံနိုင်တဲ့ အနိမ့်ဆုံးအဆင့်” မှာပဲ ရှိတယ်လို့ ကောက်ချက်ချထားပါတယ်။ ဒါပေမဲ့ ငလျင်ကျွမ်းကျင်သူတယောက်ရဲ့ ကောက်ချက်ကတော့ အဲဒီကောက်ချက်နဲ့ လုံးဝကို ကွဲပြားနေပါတယ်။

“ငလျင်နဲ့ပတ်သက်ပြီး ကွင်းဆင်းလေ့လာမှုမရှိဘဲ ဆောက်တဲ့ဆည်ဟာ အလွန်အန္တရာယ်များပါတယ်။ ငလျင်ကြီးတခု လှုပ်မှာပါ။ ဆည်တည်ဆောက်ပြီးသွားရင်တော့ လွမ်ပရာဘွမ် မြို့ခံတွေအတွက် အဲဒီမှာ ဆက်နေဖို့ မလုံခြုံတော့ဘူးဆိုတာ ကျနော် သေချာပေါက် ပြောနိုင်ပါတယ်” လို့ ဒေါက်တာ ချာရူစီရီက သတိပေးခဲ့ပါတယ်။

၂၀၂၅ မတ်လက မြန်မာနိုင်ငံမှာ လှုပ်ခဲ့တဲ့ ငလျင်၊ ယူနက်စကိုရဲ့ အစီရင်ခံစာနဲ့ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေဟာ နေရာပေါင်းစုံကနေ သတိပေးခေါင်းလောင်းတွေ တီးနေသလိုပါပဲ။ ဒါကြောင့် လာအိုအစိုးရနဲ့ မဲခေါင်မြစ်ကော်မရှင်တို့ဟာ အခုလက်ရှိ ဆောက်လုပ်နေတဲ့ လုပ်ငန်းတွေကို ဆိုင်းငံ့ပြီး ပြည်သူ့ဘေးကင်းလုံခြုံရေးကိစ္စတွေကို ပြန်လည်သုံးသပ်ဖို့၊ ဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ ဆန်းစစ်မှုတခု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ အချိန်ယူ ဆောင်ရွက်သင့်နေပြီ ဖြစ်ပါတယ်။

တွမ် ဖော့သရော့ပ်

Ref: The Diplomat

( The Diplomat မဂ္ဂဇင်းတွင်  သုတေသီ Tom Fawthrop ရေးသားသည့်  “Will Luang Prabang Dam Spark Another Major Earthquake?” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။) 

(Tom Fawthrop သည် မဲခေါင်ဒေသအကြောင်း လေ့လာနေသည့် သုတေသီ ဖြစ်သလို ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် တက္ကသိုလ်များတွင်လည်း ဧည့်ပါမောက္ခအဖြစ် ၁၂ နှစ်ကြာအောင် လေ့လာရေးသားခဲ့သူ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်ကကစပြီး မဲခေါင်ဒေသနှင့် မြန်မာနိုင်ငံအကြောင်း မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းများကို ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ထုတ်လုပ်ခဲ့သည်။ သူပိုင်ဆိုင်သည့် Eureka Films က ကမ္ဘောဒီးယားအကြောင်း ရိုက်ကူးထားသည့် “Dreams & Nightmares” ရုပ်ရှင်ကိုလည်း ထုတ်လုပ်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် UK channel 4 မှ ထုတ်လွှင့်ပြသခဲ့သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024