
မတ် ၂၈ ရက် အင်အားပြင်းငလျင်ဘေးမှာ ဆိုးဆိုးရွားရွား ပြိုကျပျက်စီးခဲ့ပြီး လူအသေအပျောက် များခဲ့တဲ့ မန္တလေးက Sky Villa ကွန်ဒိုဟာ ချောင်းဟောင်းတခုပေါ်မှာ တည်ဆောက်ထားပြီး အဆောက်အအုံဒီဇိုင်းကလည်း အခြေခံအုတ်မြစ်ကို တောင့်တင်းခိုင်မာသယောင်ရှိပေမဲ့ တောင့်တင်းခိုင်မာမှု မရှိဘူးလို့ ဂျပန်ပညာရှင်က ထောက်ပြပြောဆိုခဲ့ပါတယ်။
Sky Villa ကွန်ဒိုရဲ့ ပတ်သက်ပြီး တိုကျိုတက္ကသိုလ်က ဘူမိအင်ဂျင်နီယာကျွမ်းကျင်သူ ဂျပန်ပညာရှင်က မြေပုံဟောင်းတချပ်နဲ့အတူ ရှင်းလင်းအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ၁၉၁၄ ခုနှစ်မှာ ဂျာမနီကုမ္ပဏီက ထုတ်ဝေခဲ့တဲ Sky Villa တည်ဆောက်ထားတဲ့ မူလချောင်းဟောင်းနေရာကို ဖော်ပြတဲ့ မြေပုံဟောင်းတခုကိုလည်း ဂျပန်ပညာရှင်က ပြသခဲ့ပြီး မူလချောင်းဟောင်းမြေနေရာ မြေသားအပျော့ပေါ်မှာ အခြေခံအုတ်မြစ်မခိုင်မာဘဲ တည်ဆောက်ခဲ့တဲ့အတွက် ဆိုးဆိုးရွားရွား ပြိုကျပျက်စီးခဲ့တဲ့ အခြေအနေကို ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။
Sky Villa ကွန်ဒိုဟာ ချောင်းဟောင်းတခုပေါ် တည်ဆောက်ထားတဲ့အပြင် ဧရာဝတီမြစ်ကမ်းဘေးရှိ မန္တလေးမြို့မှာ တည်ရှိသလို ကြီးမားတဲ့ ရေစစ်ကန်ကြီးနဲ့လည်း မျက်နှာချင်းဆိုင်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။
ဂျပန်ပညာရှင် ထောက်ပြသလို ချောင်းဟောင်းပေါ်က မြေအပျော့မှာ တည်ဆောက်ထားတဲ့ Sky Villa ကွန်ဒို ဒီဇိုင်းရေးဆွဲသူဟာ ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်အောင် ပတ်ဝန်းကျင်မှာရှိနေတဲ့ ရေအရင်းမြစ်တွေကြောင့် ငလျင်လှုပ်ခတ်ချိန်မှာ ဖြစ်ပေါ်လာတဲ့ မြေအောက်ရေတွေ စိမ့်ထွက်လာနိုင်တဲ့ Liquid Function သဘောတရားကို ကြိုသိထားသင့်တယ်လို့ ဘူမိအင်ဂျင်နီယာ နှံ့စပ်သူတယောက်က ပြောပါတယ်။
“သူ့မြေပုံကြည့်ပြန်တော့လည်း ကျနော်တို့က ကိုးချန်နယ်လ်လို့ ခေါ်တာပေါ့နော်။ ချောင်းဟောင်းပေါ်မှာ တည်ထားပုံရတယ်။ ဒီ Sky Villa က၊ မြေက မကောင်းဘူးလေ။ မကောင်းတဲ့ဟာပေါ်မှာတော့ ဒီပုံကိုဆွဲတဲ့ ဒီဇိုင်နာကတော့ ဖောင်ဒေးရှင်း ဘယ်လိုလုပ်ရမယ် ဘာညာကတော့ ကျနော်တို့ အသေးစိတ်မသိဘူး။ ဒါပေမဲ့ မူလ နဂိုသဘာဝကို ပြောပြတာ။ ချောင်းဟောင်းပေါ်မှာ တည်ရှိနိုင်တယ်။ သူ့ရဲ့မြေပုံအရပေါ့၊ အဲဒီဟာတွေကတော့ ဖြစ်နိုင်ခြေရှိတဲ့ဟာတွေပေါ့နော်။ ဖြစ်နိုင်ခြေရှိတဲ့ဟာတွေကိုတော့ မဆောက်ခင်ကတော့ ဒီဟာတွေကို သိထားဖို့ လိုတာပေါ့နော်။ သူလုပ်ထားတဲ့ ဒီဇိုင်းက မှန်ကောင်းမှန်မယ်။ ဒါပေမဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်သွားနိုင်တယ်။”
ဇွန် ၁၇ ရက် မနက်ပိုင်းက ရန်ကုန်မြို့ရှိ၊ မြန်မာအင်ဂျင်နီယာအသင်းခန်းမမှာ တိုကျိုတက္ကသိုလ်နဲ့ ကျူးရှူးတက္ကသိုလ်က ပညာရှင် ၂ ယောက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန္တလေးမြို့နဲ့ တောင်ဘက်အခြမ်းရှိ ရမည်းသင်းမြို့နယ် အပါအဝင် ငလျင်ဘေးသင့် ဒေသတချို့ကို သွားရောက်လေ့လာခဲ့ပြီး တွေ့ရှိရတဲ့ အခြေနေတွေကို ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Sky Villa ကွန်ဒိုဟာ အထပ် ၁၁ ထပ်ရှိတဲ့ အဆောက်အအုံ ၃ လုံးဖြစ်ပြီး အဆောက်အုံ ၂ လုံးဟာ လုံးဝပြိုကျသွားပြီး ရေစစ်ကန်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အဆောင်ကတော့ ၅ လွှာအထိ နစ်မြုပ်သွားခဲ့တာပါ။
အဲဒီကွန်ဒိုကနေ အသက်ရှင်ကျန်ရစ်သူ ၄၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အပျက်အစီးတွေကြားက ရုပ်အလောင်း ၁၃၀ ကျော် ထုတ်ယူထားပြီး ဖြစ်ပါတယ်။
ဟန်န