Home
မြန်မာသတင်း
မန္တလေး ငလျင်ဘေးသင့် ယာယီစခန်းအချို့ကို မေလကုန်ပိတ်ခိုင်းသဖြင့် အခက်တွေ့
DVB
·
May 30, 2025

မန္တလေးမှာရှိတဲ့ ကျောင်းဝင်းတွေထဲက ငလျင်ဘေးသင့် ယာယီစခန်းတွေမှာ နေထိုင်သူတွေကို စစ်ကောင်စီက မေလကုန် နောက်ဆုံးထားပြီး ဖယ်ရှားခိုင်းတဲ့အတွက် အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များခဲ့ရတဲ့ မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်ပြီး ၂ လကျော်ကြာလာတဲ့ လက်ရှိအချိန်ထိ ဒေသခံတချို့ဟာ ငလျင်ဘေးသင့် ယာယီစခန်းတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။

မန္တလေးမြို့၊ အောင်မြေသာဇံရပ်ကွက်က ဘောလုံးကွင်းတခုမှာရှိတဲ့ ငလျင်ဘေးသင့် ယာယီစခန်းထဲမှာ နေထိုင်နေရသူတယောက်က လက်ရှိအခြေအနေတွေကို ပြောပြပါတယ်။

“ကျနော်တို့က လောလောဆယ် ကျနော်တို့တိုက်ခန်းက ဖျက်ရမလား၊ ပြန်ပြင်ဆောက်ရမလား ဆိုပြီး အခုချိန်ထိ ကျနော်တို့ စောင့်နေရတုန်းပဲ။ စောင့်နေရင်းနဲ့ ဒီငလျင်ဘေးဒုက္ခသည်စခန်းမှာ ရောက်နေတုန်းပဲ။ ရောက်နေတုန်းပဲဆိုတာ ခုလောလောဆယ်က သူတို့က ပြန်ဆောက်ရမယ်ဆိုမှ ကျနော်တို့က ပိုက်ဆံလေးရှာနိုင်သမျှ ရှာပြီး ပြန်ဆောက်ရမှာပေါ့ဗျာ။ အခုက ဆောက်မိန့်ကို မကျသေးတာ၊ ဆောက်မိန့်ရော၊ ဖျက်မိန့်ရော မကျသေးတာ။ မကျသေးတော့ ဒီအတိုင်းပဲပေါ့ဗျာ၊ အခုထက်ထိ ကျနော်တို့က အိမ်ခြေမဲ့နေတုန်းပေါ့ဗျာ။”

ဇွန်လထဲမှာ အခြေခံကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာမို့ အောင်မြေသာဇံရပ်ကွက်မှာရှိတဲ့ ကျောင်းဝင်းတွေထဲက ယာယီစခန်းတွေမှာ နေထိုင်နေရသူတွေကို ဖယ်ခိုင်းတာတွေ၊ နေရာရွှေ့ပြောင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့က တချို့ရပ်ကွက်တွေမှာတော့ ကျောင်းဝင်းတွေထဲက ငလျင်ဘေးသင့် ယာယီစခန်းတွေ အပါအဝင် ယာယီစခန်း တော်တော်များများက နေထိုင်သူတွေကို မေလကုန် နောက်ဆုံးထားပြီး အပြီးရွှေ့ပြောင်းခိုင်းတာတွေ လုပ်ဆောင်နေသလို ပြန်လည်နေရာချထားပေးတဲ့ အစီအစဉ်တွေလည်း မရှိဘူးလို့ ပရဟိတလုပ်ဆောင်နေသူ လူငယ်တယောက်က ဆိုပါတယ်။

“ယာယီစခန်းရွှေ့ပြောင်းမှု အခြေအနေကတော့ မန္တလေးမှာ ရှိတယ်။ ကျနော်တို့ တချို့နေရာ တော်တော်များများမှာတော့ ဘုန်းကြီးကျောင်းကို ပို့လိုက်တာတွေ ရှိတယ်။ နောက်ပြီးတော့ ဓမ္မာရုံ အကြီးကြီးတွေဆိုလည်း နည်းနည်းလေး သူတို့နဲ့ နီးစပ်တဲ့သူတွေဆိုရင်တော့ ဓမ္မာရုံလောက်ထိတော့ ရတာပေါ့။ ကျနော်တို့ ဒီနန်းရှေ့ဘက်က ကျောင်းက ကယ်ဆယ်ရေးစခန်းဆိုရင် မျက်နှာချင်းဆိုင်မှာပေါ့နော် ပြန်လည်ဆောက်လုပ်ပြီးတော့ ထားမှာမျိုးတော့ တွေ့ရတယ်။ ဒါပေမဲ့လည်း အဲဒါက အစိုးရက လုပ်ပေးထားတာမျိုး မဟုတ်ဘူး။ မွတ်စလင် အဖွဲ့အစည်းချုပ် တခုကနေပြီးတော့ စီစဉ်ထားပေးတဲ့ ယာယီစခန်းလိုမျိုးပေါ့နော်။ ဒါကလည်း အစိုးရက လုပ်ပေးတာ မဟုတ်ဘူး။ ပုဂ္ဂလိကက လုပ်ပေးတဲ့ အခြေအနေမျိုးမှာပဲ ရှိတယ်။ ကျန်တာကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဘယ်လိုနေမလဲ၊ ကိုယ့်ဘာသာကိုယ် ဘယ်ရွှေ့မလဲ၊ ဘယ်ပြောင်းမလဲ ပေါ့နော်၊ ဘယ်လိုငှားနေမလဲဆိုတာကို ကိုယ့်အစီအစဉ်နဲ့ကိုယ်က ပိုများပါတယ်။”

နောက်ဆက်တွဲငလျင်တွေ တောက်လျှောက်လှုပ်နေပြီး မိုးတွင်းကို ရောက်ရှိနေတဲ့ အခြေအနေမှာ အခုလို ငလျင်ဘေးသင့် ယာယီစခန်းတွေကို ဖယ်ရှားခိုင်းတာတွေဟာ အခက်အခဲတွေ အများကြီး ကြုံစေမှာ ဖြစ်တယ်လို့လည်း ပရဟိတ လုပ်ဆောင်သူတွေ၊ အကူအညီပေးနေသူတွေက ဆိုကြပါတယ်။

မန္တလေးမြို့က ပရဟိတလူငယ်တယောက်က “ဒါ မိုးတွင်း၊ မန္တလေးမှာက ငလျင်က ရပ်နေတာ တရက်လောက်ပဲ ရှိသေးတယ်။ မိုးကလည်း ဒီနေ့လောက်မှ နည်းနည်းလေး ရပ်သွားတာမျိုး ရှိတယ်။ ရပ်သွားတာတောင် ရွာတဲ့ဘက်တွေမှာ ရွာပါသေးတယ်။ မိုးလည်း မရပ်၊ ငလျင်လည်း မရပ်သေးတဲ့ အခြေအနေမှာတော့ ဒါက အများကြီး အခက်အခဲရှိတယ်။ ဒါက အခုရှိနေတဲ့ စခန်းတွေကပါ နောက်ထပ် ထပ်ပြောင်းပေးလိုက်ရမယ်ဆိုတော့ ပိုပြီးတော့ အခက်အခဲ တွေ့သွားနိုင်တာတွေ ရှိတယ်။ စောစောက အရင်ကပြောခဲ့တဲ့ ငလျင်နဲ့ပတ်သက်တဲ့ တိုးလိုးတန်းလန်း အဆောက်အအုံတွေကလည်း ထပ်ပြိုကျနေတာတွေလည်း အများကြီးရှိတယ်။ ဆိုတော့ အများကြီး စိုးရိမ်ရတဲ့ အခြေအနေပေါ်မှာပဲ မူတည်နေသေးတယ်” လို့ ပြောပါတယ်။

ငလျင်ဘေးအတွက် မေ ၂၉ ရက်က နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာမှာ ပြည်တွင်း ပြည်ပ အလှူရှင်တွေဆီက အလှူငွေ ကျပ် ၁၃၁ ဒသမ ၅၃ ဘီလီယံနဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကျော် စစ်ကောင်စီက ထပ်မံရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပထမအကြိမ် အလှူငွေပေးအပ်ပွဲမှာ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေက ကျပ် ၁၁၂ ဒသမ ၈၇ ဘီလီယံနဲ့ အလှူပစ္စည်းတန်ဖိုး ၁၂ ဒသမ ၄ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၂၅ ဒသမ ၂၇ ဘီလီယံ ရရှိခဲ့တာပါ။

ငလျင်ဘေးကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ လက်ရှိအချိန်ထိ အကူအညီတွေများစွာ လိုအပ်နေဆဲ အခြေအနေ ဖြစ်ပေမဲ့ စစ်ကောင်စီဆီက ထိရောက်တဲ့ အကူအညီတစုံတရာ မရရှိကြဘူးလို့ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေက ဆိုကြပါတယ်။

မြတ်သဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024