
မြောက်အာဖရိကမှာရှိတဲ့ စပိန်ရဲ့ပိုင်နက် ဆေအူတာမြို့က ဒေသခံတွေဟာ ကမ်းခြေမှာ ယာယီ ဆောက်ထားတဲ့ ရွှေ့ပြောင်းဒုက္ခသည် စခန်းတခုကို ဩဂုတ် ၂၇ ရက်ညနေပိုင်းက မီးရှို့ ဖျက်ဆီး ပစ်ခဲ့ကြ ပါတယ်။
ဒေသခံတွေဟာ စပိန်အလံတွေကို ဝှေ့ယမ်းရင်း တဲတွေကို ဆွဲဖြိုတာ၊ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပစ္စည်းတွေကို ပင်လယ်ထဲ အမှိုက်လို ပစ်ချတာနဲ့ မီးပုံရှို့တာတွေကို လုပ်ဆောင်ခဲ့ကြပြီး ဒုက္ခသည် တွေကတော့ အနီးအနားကနေ ကြည့်နေခဲ့ကြရပါတယ်။
အဲဒီမတိုင်ခင်ကလည်း ဆန္ဒပြသူတွေဟာ ကမ်းခြေဘေးက လမ်းကို ပိတ်ဆို့ပြီး "ကျူးကျော်သူတွေ ကို နှင်ထုတ်ကြ" ဆိုတဲ့ ကြွေးကြော်သံတွေအပါအဝင် တွန်းလှန်အော်ဟစ်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက လူအမြောက်အမြား နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်း ဒေသခံတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။
အာဏာပိုင်တွေရဲ့ အဆိုအရ ဇူလိုင် ၃၀ ရက်တုန်းက မော်ရိုကိုနိုင်ငံဘက်ကနေ လူပေါင်း ၇၂,၀၀၀ ထက်မနည်း အစုလိုက်အပြုံလိုက် အပြိုင်အဆိုင် တိုးဝင်လာခဲ့ကြရာမှာ စပိန်နယ်စပ်ဘက်မှာ ဒုက္ခသည် ၈၂ ယောက် သေဆုံးခဲ့ပြီး မော်ရိုကိုဘက်မှာလည်း နောက်ထပ် ၁၄ ယောက် သေဆုံး ကြောင်း အတည်ပြုခဲ့ပါတယ်။
အဲဒီလို ရုတ်ရုတ်သဲသဲ တိုးဝင်လာမှုတွေရှိခဲ့ပြီးနောက် လက်ရှိမှာ စယူတာမြို့အတွင်း ရွှေ့ပြောင်း ဒုက္ခသည် ၅၀၀၀ လောက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
Source:Reuters











