Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းကို ရာထူးဆိုင်းငံ့ထားရန် အခြေခံဥပဒေတရားရုံး ဆုံးဖြတ် 
DVB
·
July 1, 2025
Photo: REUTERS/Athit Perawongmetha

ကမ္ဘောဒီးယားနိုင်ငံ အကြီးအကဲ ဟွန်ဆန်နဲ့ အလွတ်သဘော ပြောဆိုဆွေးနွေးတဲ့ အသံဖိုင်ကြောင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွားချိုးဖောက်မှုနဲ့ တိုင်တန်းခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ရဲ့ အမှုကို အခြေခံဥပဒေတရားရုံးချုပ်က လက်ခံသင့်၊ လက်မခံသင့် ဇူလိုင် ၁ ရက် ဒီနေ့မနက်မှာ လက်ခံ ဆွေး‌နွေးခဲ့ကြပါတယ်။

အဲဒီနောက် အခြေခံဥပဒေတရားရုံးချုပ် ဂျူရီ ခုံတရားသူကြီး ၉ ယောက်က မဲခွဲဆုံးဖြတ်ရာမှာ ၇ ယောက်ဖြစ်တဲ့ အများစုက အမှုကို လက်ခံတာကြောင့် ဝန်ကြီးချုပ်အမှုကို စစ်ဆေးသွားတော့မှာ ဖြစ်ပြီး ဒီအမှုစစ်ဆေးဆဲကာလမှ စီရင်ချက်မချမီ အတောအတွင်း ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ကို အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်ရာထူးကနေ ယာယီဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၀ အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ နိုင်ငံတော်အကြီးအကဲနှင့် မလျော်ကန်သော အပြုအမူတွေ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အဆင့်မြင့်ဝန်ထမ်းကျင့်ဝတ် ချိုးဖောက်ခြင်း စတဲ့ ပုဒ်မနဲ့ ငြိစွန်းခြင်း ရှိ၊ မရှိ အဓိက စစ်ဆေးခံရမယ်လို့ ဆိုပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ် နဲ့ ကမ္ဘောဒီးယားနိုင်ငံ အကြီးအကဲ ဟွန်ဆန်တို့ အလွတ်သဘော ပြောဆိုဆွေးနွေးတဲ့ အသံဖိုင် လူမှုကွန်ရက်မှာ ပေါက်ကြားသွားတဲ့နောက် ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်တွေဟာ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ အချုပ်အခြာအာဏာကို ထိပါးစေပြီး  နိုင်ငံတော်အကြီးအကဲ ကျင့်ဝတ်ချိုးဖောက်ရာ ရောက်တယ်၊ ထိုင်းနိုင်ငံရဲ့သိက္ခာ၊ ထိုင်းစစ်တပ်ရဲ့ သိက္ခာကို ကျဆင်းစေတယ်၊ ဒါကြောင့် ဝန်ကြီးချုပ် ဖဲထောင်းထန်း အနေနဲ့  ရာထူးက နုတ်ထွက်ပေးဖို့ ဒါမှမဟုတ် လွှတ်တော်ကိုဖျက်သိမ်းဖို့ လွှတ်တော်ဥက္ကဋ္ဌ နိုင်းမုံးခုံးဆူရိယ ဆတ်ကျာ ဦးဆောင်တဲ့ အထက်လွှတ်တော်အမတ် ၃၆ ယောက်က ဇွန် ၁၉ ရက်မှာ အခြေခံဥပဒေတရားရုံးကို တိုင်ကြားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တခြားအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တို့ကလည်း ထိုင်းနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးသမားများ ရာဇဝတ်မှုဆိုင်ရာ တရားရုံး စတဲ့ ဌာနတွေကိုလည်း တိုင်တန်းထားသလို ထိုင်းနိုင်ငံတော်အချုပ်အခြာအာဏာကာကွယ်စောင့်ရှောက်သူ ပြည်သူ့အင်အားပူးပေါင်းရေး အဖွဲ့ကလည်း ထောက်ခံအားပေးသူများနဲ့ ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ ဇွန် ၂၈ ရက်က လူပေါင်း ၁၇၀၀၀ ကျော် ဘန်ကောက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ဖဲထောင်းထန်းကတော့ အဲဒီဆန္ဒပြမှုတွေကို ဂရုမစိုက်ဘဲ သူ့အလုပ်သူဆက်လုပ်နေတာမှာ ဒီကနေ့ ဇူလိုင် ၁ ရက် နေ့စွဲနဲ့   ၁၅ ယောက်ပါ အစိုးရအဖွဲ့ဝင် ဝန်ကြီးသစ်တွေရဲ့ အမည်စာရင်းကို ပြန် တမ်းဝင်  ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ပြန်တမ်းဝင်စာအရ  ဖဲထောင်းထန်းရှင်နာဝပ်ဟာ ဝန်ကြီးချုပ်ရာထူးအပြင် ယဉ်ကျေးမှု ဝန်ကြီးရာထူးကိုပါ ပူးတွဲတာဝန်ယူထားပါတယ်။ အစိုးရအဖွဲ့ဝင်သစ်များ အစည်းအဝေးကိုလည်း ဒီကနေ့မနက်က အစိုးရအိမ်တော်မှာ ကျင်းပခဲ့ပါတယ်။

ဒီကနေ့ အခြေခံဥပဒေတရားရုံးရဲ့ ဆွေးနွေးဆုံးဖြတ်ချက်အပေါ် ဘယ်လိုအမြင်ရှိလဲလို့ သတင်းထောက်တွေက မေးမြန်းရာမှာတော့ သူက ဖြေကြားပေးခြင်းမရှိပါဘူး။ 

Source : Thai PBS / The Reporter / 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024