
ထိုင်းအာဏာပိုင်တွေအနေနဲ့ နယ်မြေနဲ့ ထိုင်းပြည်သူတွေကို ကာကွယ်ဖို့ အပြည့်အဝ ပြင်ထားပြီး မြန်မာနယ်စပ်မှာ ကင်းလှည့်တာတွေကို ပိုတိုးလုပ်နေတယ်လို့ ဝန်ကြီးချုပ် အနုထင်းက နိုဝင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။
မြန်မာဘက်က ပဋိပက္ခဟာ ထိုင်းနိုင်ငံ၊ ထိုင်းပြည်သူတွေနဲ့ ဘာမှမဆိုင်တဲ့အတွက် တိုက်ပွဲတွေ မဖြစ်အောင်နဲ့ တင်းမာမှုတွေ လျှော့နိုင်သမျှ လျှော့ဖို့ ထိုင်းစစ်တပ် တပ်မှူးတွေကို မှာထားတယ်လို့လည်း ပြောပါတယ်။
မြန်မာစစ်အာဏာရှင်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်း တော်လှန်ရေးတပ်တွေကြား လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းက အိမ်တွေပျက်စီးပြီး ထိုင်းနိုင်ငံသားတချို့ ဒဏ်ရာရသွားတာကြောင့် ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
ဒါပေမဲ့ တိုက်ပွဲတွေ ထိုင်းဘက်ကို ကူးစက်လာတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း ထိုင်းစစ်တပ် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဥကရစ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က မြန်မာ စစ်အာဏာရှင် အစိုးရဆီ တရားဝင် အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
နယ်စပ်နှစ်ဖက်စလုံးမှာရှိတဲ့ အရပ်သားတွေ၊ အိမ်တွေနဲ့ ပစ္စည်းဥစ္စာတွေ ထိခိုက်မှုမရှိအောင် သတိထားပေးဖို့လည်း မြန်မာဘက်ကို တောင်းဆိုထားတယ်လို့ မစ္စတာ အနုထင်းက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ထိုင်းဘက်ပြေးလာတဲ့ စစ်ရှောင်တွေကိုတော့ လူသားချင်းစာနာမှုအရ ဆက်ကူညီသွားမယ်၊ အခြေအနေ အေးဆေးသွားပြီ ဆိုရင်တော့ အိမ်ပြန်ခိုင်းမှာဖြစ်ပြီး ထိုင်းမှာ ဆက်နေဖို့ ကြိုးစားတဲ့သူတွေကိုတော့ ပြန်နှင်ထုတ်သွားမယ်လို့လည်း ပြောပါတယ်။
ထိုင်းကုန်သည်တွေအနေနဲ့ ကရင်အဖွဲ့တွေကို ကုန်ပစ္စည်းရောင်းရင် ပစ္စည်းတွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ သတင်းကိုတော့ အတည်ပြုလို့ မရသေးဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာဘက်က တိုက်ပွဲတွေဟာ ထိုင်းနယ်စပ်က အရပ်သားတွေကို ဆက်ခြိမ်းခြောက်နေဆဲဖြစ်ပြီး မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်နဲ့ တာ့ခ်ခရိုင် မဲဆောက်တို့မှာ လုံခြုံရေး စောင့်ကြည့်မှုကို အဆင့်မြှင့်ထားပါတယ်။
လတ်တလော အတည်ပြုထားတဲ့ ပျက်စီးမှုက မယ်ဟောင်ဆောင်မှာ ဖြစ်ခဲ့တာပါ။ အောက်တိုဘာ အကုန်ပိုင်းတုန်းကလည်း တာ့ခ်ခရိုင်ဘက် ကျည်ဆန်တွေနဲ့ ပေါက်ကွဲမှုတွေ ကျရောက်ခဲ့ပါသေးတယ်။
ချင်းမိုင်နဲ့ ချင်းရိုင်ဘက်မှာတော့ နောက်ဆက်တွဲ ထိခိုက်မှု မရှိသေးပေမဲ့ သတိထား စောင့်ကြည့်ဖို့၊ ဘေးလွတ်ရာ ရွှေ့ပြောင်းရေးနဲ့ လုံခြုံရေး အစီအစဉ်တွေ ပြင်ထားဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
ကြာသပတေးနေ့က မဲဆောက်မှာ လက်နက်ကြီးကျည် ကျလို့ ထိုင်း နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးပြီး အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတယောက် ဒဏ်ရာရခဲ့ပါတယ်။
စနေနေ့ ညနေ ၇ နာရီလောက်မှာတော့ မြန်မာလေတပ်က မယ်ဟောင်ဆောင်ခရိုင် သောမဲအဲ မြို့နယ်၊ ဘန်မဲဆမ်လပ် ရွာတဖက်ခြမ်းက KNU စခန်းတခုကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ အဲဒီဗုံးပေါက်ကွဲမှု ရိုက်ခတ်မှုတွေကြောင့် ထိုင်းဘက်က အဆောက်အအုံတချို့ ပျက်စီးခဲ့တာပါ။
တနင်္ဂနွေနေ့ ညနေ ၅ နာရီလောက်မှာတော့ ထိုင်းလေတပ်က နခွန်စဝမ် လေတပ်စခန်းက F-16 တိုက်လေယာဉ်တစင်းကို အရေးပေါ်စနစ် (QRA) နဲ့ အနောက်ဘက်နယ်စပ်တလျှောက် စေလွှတ်ခဲ့ပါတယ်။
ဒါဟာ ထိုင်းရဲ့ လေကြောင်းကာကွယ်ရေး အသင့်ရှိတာကို ပြဖို့နဲ့ ထိုင်းရဲ့ အချုပ်အခြာအာဏာကို ဘက်ပေါင်းစုံက လေးစားဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ ထိုင်းလေတပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါ့အပြင် နရဲစွန်း စစ်ဆင်ရေးတပ်ဖွဲ့က အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၅ ရက်အထိ မဲဆောက်နဲ့ ဖော့ဖရမြို့နယ်တချို့မှာရှိတဲ့ တရားမဝင် နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်း အဝင်အထွက် လုပ်တာကို ယာယီ ပိတ်ထားပါတယ်။
ဒါဟာ မြန်မာဘက်က လက်နက်ကိုင်အဖွဲ့တွေဆီ ကုန်ပစ္စည်း ရောက်မသွားအောင် တားဆီးဖို့နဲ့ နယ်စပ်က ပြည်သူတွေရဲ့ အန္တရာယ်ကို လျှော့ချဖို့ ဖြစ်တယ်လို့ ထိုင်းအစိုးရ ဒုတိယပြောခွင့်ရသူက ဆိုပါတယ်။
ထိုင်းအတိုက်အခံဘက်က ပိဆန်း မနဝဖတ် ကတော့ မြန်မာနိုင်ငံအပေါ် ထိုင်းအစိုးရရဲ့ သံတမန်ရေး ကိုင်တွယ်ပုံကို တနင်္လာနေ့မှာ ဝေဖန်လိုက်ပြီး ထိုင်းအစိုးရအနေနဲ့ ပြတ်ပြတ်သားသား မရပ်တည်တာဟာ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသလို ထိုင်းပြည်သူတွေကိုပါ ဒုက္ခရောက်စေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
Source: Bangkok Post











