
မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်နက်ကြီးကျည်တွေ ထိုင်းဘက် ကျရောက်ခဲ့ရာကနေ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ လုံခြုံရေးတွေ တိုးမြှင့်ထားသလို နယ်စပ်မြို့တွေမှာ နေထိုင်ကြတဲ့ မြန်မာတွေ လုံခြုံရေး စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။
မြန်မာစစ်အာဏာရှင်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာပြီး မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာတွေကြောင့် လက်နက်ကြီးကျည်တွေ ထိုင်းဘက်ကျရောက်ခဲ့ရာကနေ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ လုံခြုံရေးတွေ တိုးမြှင့်ထားသလို နယ်စပ်မြို့တွေမှာ နေထိုင်ကြတဲ့ မြန်မာတွေ လုံခြုံရေး စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်နဲ့ မယ်ဟောင်ဆောင်ခရိုင်တွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နယ်စပ်စစ်ဆေးရေးတွေ တင်းကျပ်လာမှာ၊ သွားလာရေးအခက်အခဲတွေ ဖြစ်လာမှာနဲ့ လုံခြုံရေး အခြေအနေတွေ ပြောင်းလဲလာမှာကို စိုးရိမ်နေကြပါတယ်။
လက်ရှိ မဲဆောက်မြို့တွင်းမှာ ပုံမှန်အစစ်အဆေးပဲ ရှိနေပေမဲ့ နယ်စပ်နေရာတွေမှာ စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာနိုင်တာ၊ သွားလာရေးအခက်အခဲတွေ ဖြစ်လာနိုင်တာနဲ့ စစ်ရေးအခြေအနေ ပြောင်းလဲမှုတွေကို စောင့်ကြည့်နေရတာကြောင့် မြန်မာနိုင်ငံသားအချင်းချင်း သတိနဲ့ နေထိုင်သွားလာကြဖို့ အချင်းချင်း သတိပေးနေကြပါတယ်။
မဲဆောက်ရောက် မြန်မာနိုင်ငံသား CDM ကျောင်းဆရာတယောက်က “ထိုင်းအမျိုးသားရေး ဆူပူအုံကြွသမားတွေကလည်းပဲ ဒါကို အခွင့်ကောင်းယူပြီးတော့မှ အုံကြွပြီးတော့မှ မြန်မာနိုင်ငံသားတွေအပေါ်မှာ အငြိုးတကြီး လုပ်မှာလား ဆိုတာပေါ့နော်။ ဖြစ်သွားမယ်ဆိုရင်တော့ အထောက်အထားမဲ့တဲ့ မြန်မာနိုင်ငံသားတွေအတွက်ကျတော့လည်း အခြေအနေတွေ ဆက်ပြင်းလာမယ် ဆိုလို့ရှိရင်တော့ စိုးရိမ်ရတယ်။ ကျနော် အဓိက စိုးရိမ်တာတော့ တချို့ အောက်လမ်းကူးတဲ့ နေရာတွေ ပိတ်သွားမှာ စိုးတာပေါ့လေ။ ဖုတ်ဖရဘက်တင် မဟုတ်ဘဲနဲ့ မယ့်ရမတ်တို့ ဘာတို့ တောက်လျှောက်ပေါ့။ အဲဒီဘက်ခြမ်း ပိတ်သွားမှာလည်း စိုးရိမ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အထောက်ထားမဲ့တဲ့သူတွေကတော့ ဒီလိုအခြေအနေမျိုးမှာ အပြင်မထွက်စေချင်ဘူး။ အတတ်နိုင်ဆုံးပေါ့လေ။ မဖြစ်မနေ ထွက်ရမယ် ဆိုလို့ရှိရင်လည်းပဲ ရဲတွေကို ရှောင်စေချင်တာပေါ့။ ရှောင်မဲ့လမ်းကြောင်းတွေနဲ့ သွားစေချင်တယ်။ အသိ သတိနဲ့တော့ အမြဲတမ်း နေသင့်တာပေါ့လေ” လို့ ပြောပါတယ်။
ဒီလို တိုက်ပွဲတွေကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်တလျှောက်က စက်လှေဂိတ်တွေ၊ လူနဲ့ ကုန်စည် ကူးသန်းသွားတဲ့နေရာတွေကို ယာယီပိတ်ထားပြီး အောက်တိုဘာ ၃၀ ရက် ညကစလို့ ထိုင်းစစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ၂၄ နာရီ လုံခြုံရေး တင်းကျပ်ထားကာ သောင်ရင်းမြစ်တလျှောက် ကင်းလှည့်မှုနေတယ်လို့ ထိုင်းသတင်းတွေမှာလည်း ဖော်ပြနေပါတယ်။
ခရီးသွားလာနေသူ မြန်မာနိုင်ငံသားတယောက်က “အထောက်ထားမရှိတဲ့သူ အတွက်ကတော့ လုံခြုံမှုက ဘယ်လိုခံစားရမလဲ။ ကျနော်တို့ အထောက်အထားရှိတဲ့သူ တယောက်အတွက်တောင်မှ ရဲမြင်လို့ရှိရင် ဘာတွေ အစစ်ဆေးခံရမလဲ ဆိုပြီးတော့ စိုးရိမ်တာပေါ့နော်။ သူတို့ လုံခြုံရေးအတွက် သူတို့ စစ်ဆေးတာမျိုးကိုတော့ သူတို့ လုပ်နိုင်တာပေါ့နော်။ အရင်တုန်းကဆို ဒီ တာ့ခ်သွားတဲ့ လမ်းကြောင်းတခုမှာပဲ ပတ်စ်ပို့တွေ ပြခိုင်းတာပေါ့။ ဒီလို အထောက်အထားတွေ ပြခိုင်းတဲ့ ဂိတ်တခုပဲ ရှိတာပေါ့။ ကားပေါ်ထိ တက်ပြီး စစ်တာလေ။ အခုကတော့ အဲဒီနားက တာ့ခ်ခရိုင်ထဲမှာ တခုအပြင် နောက်ထပ် ကျော်သွားလို့ရှိရင်လည်း အဲဒီ တာ့ခ်ထဲမှာပဲ ဂိတ်သုံးခုလောက်ကိုပေါ့နော် စစ်သားတွေရော ရဲတွေရော လဝကတွေရော လူဦးရေ များများနဲ့ကို ကားပေါ်တွေထိ တက်စစ်တာမျိုးတွေ ရှိပါတယ်။ မြန်မာဘက်ကဖြစ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေး ပိုပြီး တိုးမြှင့်ထားတယ်လို့တော့ ယူဆရပါတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက်မှာ လှိုင်းဘွဲမြို့နယ်ထဲက KNLA တပ်မဟာ ၇၊ တပ်ရင်း ၁၉ တပ်ရင်းမှူးရဲ့ နေအိမ်ကို မြန်မာစစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့သလို မြဝတီမြို့တောင်ဘက် သဲဖြူချောင်းဖျား ဒေသကိုလည်း လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ပါတယ်။
အဲဒီနေ့မတိုင်ခင် အောက်တိုဘာ ၃၀ ရက်ကလည်း မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်တွေ တာ့ခ်ခရိုင်ဘက် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ထိုင်းဒေသခံတွေ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၃၁ ရက် ညပိုင်းမှာ ဖာပွန်ခရိုင်အတွင်း KNU ထိန်းချုပ်ထားတဲ့ ဆောလဲထာ စစ်စခန်းကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စန်လက် ကျေးရွာဘက်မှာ ဗုံးစတွေ ကျရောက်ခဲ့ပြီး အဆောက်အအုံ ၁၀ လုံးကျော် ပျက်စီးကာ ဒေသခံတယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ထိုင်းဒေသတွင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်းလေတပ်ကလည်း နိုဝင်ဘာ ၁ ရက်မှာ F-16 တိုက်လေယာဉ် ၂ စီးကို နယ်စပ် အနောက်ဘက်တလျှောက် တိုက်ခိုက်ရေးအသင့် ကင်းလှည့်တာဝန်နဲ့ သတိပေး စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။











