
မြန်မာနိုင်ငံထဲက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို အသက်အန္တရာယ် ကြီးမားစွာ ခြိမ်းခြောက်ခံရတဲ့ အခြေအနေရှိမှ လက်ခံဖို့ ထိုင်းဝန်ကြီးချုပ် အနုထင်းချန်းဝီရကွန်းက နိုဝင်ဘာ ၉ ရက် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ (NSC) အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးလာသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်သွားမှာဖြစ်တယ်၊ ဒါပေမဲ့ အသက်အန္တရာယ် ကြီးစွာခြိမ်းခြောက်ခံရတဲ့ အခြေအနေ မဟုတ်ရင် ထိုင်းနိုင်ငံထဲမှာ လာရောက်ခိုလှုံခွင့်ပြုမှာ မဟုတ်ဘူး၊ အခြေအနေတည်ငြိမ်သွားတာနဲ့ သူတို့ နေရပ်ကို ပြန်ပို့ဆောင်ရမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲကြောင့် ထိုင်းဘက်ထွက်ပြေးလာသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးဖို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး၊ မဲဆောက်မြို့နယ် တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ အစီရင်ခံစာမှာတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသူတွေ မရှိသေးဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းကတော့ မြန်မာဘက်ခြမ်း တိုက်ပွဲက လက်နက်ကျည်တွေ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် မဲ့ကုန်းကင်းကျေးရွာဘက် ကျရောက်ပြီး အများပြည်သူနေအိမ်တွေ ထိခိုက် ပျက်စီးတာကြောင့် ရွာသားတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
မနေ့ကကျင်းပသွားတဲ့ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ထိုင်း- မြန်မာနယ်စပ် တလျှောက် လုံခြုံရေးအခြေအနေတွေအပြင် ချင်းရိုင်ခရိုင်၊ နမ့်ခုတ်မြစ်အတွင်း ဓာတုအဆိပ်သင့် ပြဿနာတွေပါ ဆွေးနွေးခဲ့ပါတယ်။
မြစ်ရေအဆိပ်သင့်ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ နိုဝင်ဘာ ၁၂ ရက်မှာ မြန်မာနိုင်ငံသို့ သွားရောက်ပြီး စစ်အာဏာရှင် မင်းအောင်လှိုင် အပါအဝင် တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: MGROnline /Khaosod











