Search Results For: မုန်တိုင်း

ဆိုင်ကလုံးမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ထဲက ငါး၊ ပုစွန် မွေးမြူရေးတာများ ကျိုးပေါက်

ဆိုင်ကလုံး မုန်တိုင်းယာစ် (YASS) ကြောင့် ဒီရေမြင့်တက်ပြီး ရခိုင်ပြည်နယ်ထဲက ငါး၊ ပုစွန် မွေးမြူရေးတာတွေ ကျိုးပေါက်ပြီး လုပ်ငန်းရှင်တွေအရှုံးပေါ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆိုင်ကလုံးမုန်တိုင်းကြောင့် ပုံမှန်ထက် ဒီရေ ၃ ပေလောက်မြင့်တက်လာပြီး ငါး၊ ပုစွန်မွေးမြူထားတဲ့တာတွေ ကျိုးပေါက်သွားပြီး ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတာလို့ ပုဏ္ကားကျွန်မြို့နယ်က မွှေမြူရေးလုပ်ငန်းရှင် ဦးကျော်တင်က ပြောပါတယ်။

ငါးပုစွန်မွေးမြူရေး တာတခုမှာ  ငွေကျပ် ၂၀၀ ကျော်လောက်ရင်းနှီးမြှုပ်နှံရကာ သဘာဝအတိုင်းဒီရေသွင်းပြီး မွေးမြူတာရှိသလို သား​ပေါက်ဝယ်ယူပြီး မွေးမြူတာတွေရှိတာကြောင့် သားပေါက်မွေးမြူတဲ့သူတွေက ပိုဆုံးရှုံးနစ်နာတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ ငါး၊ ပုစွန်၊ ဂဏန်းတွေကို မူဆယ်လမ်းကြောင်းကနေတစ်ဆင့် တရုတ်ပြည်ကို အဓိက တင်ပို့နေတာဖြစ်ပြီး ကိုဗစ်- ၁၉ ဒုတိယလှိုင်းကတည်းက မူဆယ်လမ်းကြောင်း ပိတ်ထားတာကြောင့် လုပ်ငန်းရှင်တွေ အရှုံးပေါ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

2 weeks Ago

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် ဒီရေထိန်း ကမ်းပါးများ ပြိုကျပျက်စီး

ဆိုင်ကလုန်းမုန်တိုင်း (YAAS) အရှိန်ကြောင့် ရခိုင်ပြည်နယ်ရှိမြို့နယ်တချို့မှာ မေလ ၂၄ ရက်နေ့ကစပြီး မိုးသက်လေပြင်းကျရောက်ကာ ပင်လယ်ဒီရေတွေမြင့်တက်လာပြီး လှိုင်းကြီးခဲ့တာကြောင့် ဒီရေထိန်းကမ်းပါးတွေ၊ ရေငံတား တာဘောင်တွေ ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။

မုန်တိုင်းကြောင့် ပေါက်တောမြို့နယ်မှာ လူနေအိမ်တချို့ အမိုးကာပျက်စီးသွားသလို ဒီရေ လှိုင်းကာတွေပျက်စီးသွားတဲ့အတွက် အတော်လေးစိုးရိမ်ရတဲ့ အနေအထားဖြစ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာနေ ကိုသန်းနိုင်က “အခု ဒီမုန်တိုင်းအရှိန်ကြောင့် ကျနော်တို့ရွာရဲ့  ဒီရေလှိုင်းကာဟာ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးတော့ အဲဒီဟာပြိုကျသွားတယ်။ အဲဒီ လှိုင်းကာက ရွာရဲ့ အဓိကကျတဲ့အရာတစ်ခုပေါ့။ ဒီရေလှိုင်းကာမရှိရင်ရွာက တော်တော်ကြီးကို ဒုက္ခရောက်သွားနိုင်တယ်။ အခုဆိုရင်လမ်းတွေလည်း ပျက်စီးသွားခဲ့တယ်။ မြစ်ကမ်းပါးနံဘေးက အိမ်ခြံမြေတွေလည်း ပျက်စီးသွားတယ်”လို့ ပြောပါတယ်။ 

ဆင်တက်မော်ကျေးရွာမှာ ရေလှိုင်းကာကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကမှ ရေအရင်းအမြစ်ဌာနကနေ တင်ဒါခေါ်ပြီးတော့ ကုမ္ပဏီတစ်ခုက ဆောက်လုပ်ခဲ့တာဖြစ်ပြီး တစ်နှစ်လောက်အတွင်း မုန်တိုင်းကြောင့်ပျက်စီးသွားတာဖြစ်ပါတယ်။

အလားတူ ကျောက်ဖြူမြို့နယ်နဲ့ အမ်းမြို့နယ်အပါအဝင် ရခိုင်ပြည်နယ် မြို့နယ် တချို့မှာလည်း  ဒီရေမြင့်တက်ပြီး လှိုင်းကြီးခဲ့တာကြောင့် စိုက်ပျိုးမွေးမြူရေးတွေလုပ်ကိုင်နေတဲ့ ဒေသခံတွေ ဆောက်လုပ်ထားတဲ့ ရေငံတား တာဘောင်တွေ ကျိုးပေါက် ပျက်စီးဆုံးရှုံးသွားပါတယ်။  

ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ စာရင်းပြုစုနေတယ်လို့ ဒေသတွင်း လူမှုကူညီရေး လုပ်ဆောင်ပေးနေတဲ့ ကိုမျိုးလွင်ကပြောပါတယ်။

“အဲဒီမှာ လယ်ကာရီတွေပါတယ်၊ ငါးပုဇွန်မွေးမြူရေးကန်တွေပါတယ်၊ ဒီမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ရေငံတားတာဘောင်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အမ်းမြို့နယ်အပါအဝင် မြို့နယ်(၄)ခုမှာ ဘယ်လောက်ပျက်စီးသွားခဲ့လဲ ဆိုတာကို ဒေသခံတွေကို ချိတ်ဆက်ပြီးတော့ စာရင်းပြုစုတာတွေကိုလုပ်နေတာပေါ့။ အဲဒီပျက်စီးဆုံးရှုံးသွားတဲ့ စာရင်းတွေရပြီဆိုရင် ကျနော်တို့က ကူညီနိုင်မယ့် နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီတောင်းခံပြီးတော့ ကူညီပေးသွားဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေမှာ မိုးသက်ပြင်းကျရောက် ဒီရေလှိုင်းကြီးခဲ့တာကြောင့် ကမ်းပါးများပြိုကျပျက်စီးခဲ့သလို စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ လူနေတဲအိမ်တွေမှာလည်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။

2 weeks Ago

ဆိုင်ကလုန်းမုန်တိုင်း “ယာစ် (YAAS)” အားလျော့သွားမည်ဟု မိုးဇလထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ယာစ် (YAAS)” ဟာ နောက် ၆ နာရီအကြာမှာ ကုန်းတွင်းကို ဝင်ရောက်သွားမှာဖြစ်ပြီး အားလျော့သွားမယ်လို့  မိုးလေဝသနဲ့ ဇလဗေဒဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီည ၇ နာရီမှာ ထုတ်ပြန်တာဖြစ်ပြီး မုန်တိုင်းဟာ အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းကမ်းခြေကို  ဘလာဆော(Balasore)မြို့တောင်ပိုင်းနားက‌နေ ဖြတ်ကျော်ခဲ့ပြီး၊ အနောက်မြောက်ဘက်ကို ရွေ့လျားလို့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းဟာ အနောက် မြောက်ဘက်ကိုဆက်လက်ရွေ့လျားပြီး နောက် ၆ နာရီအတွင်း ကုန်းတွင်းမုန်တိုင်း အဖြစ်၊ နောက် ၁၂ နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်း အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။

Photo Credit- Moezala

3 weeks Ago

မုန်တိုင်းအရှိန်ကြောင့် ရခိုင်စစ်ဘေးရှောင်စခန်းရှိ လူနေအိမ်ရာချီပျက်စီး

ဆိုင်ကလုန်းမုန်တိုင်း “ယာစ် (YAAS)” အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှာ မေလ ၂၄ ရက်က စတင်ကာ မိုးသက်လေပြင်းကျရောက်ပြီး  တဲအိမ် ၁၀၀ ကျော် ပျက်စီးသွားပါတယ်။

နေအိမ်တွေ ပျက်စီးသွားတဲ့အတွက် စစ်ဘေးရှောင်တွေဟာ နီးစပ်ရာတဲအိမ်တွေမှာ ခိုလှုံနေကြရတယ်လို့  စင်းဘောကိုင်းစခန်းတာဝန်ခံ ဦးညီပုက ဒီဗွီဘီကို ပြောပါတယ်။

“အခုလေပြင်းတိုက်တာကတော့ ၂၄ ရက်နေ့ နေ့လယ်ကစပြီး ညနေထိလေပြင်းတိုက်သွားတယ်။ အဲဒီမှာ အိမ်ခွေအလုံး ၁၀၀ ကျော် လောက်ပျက်စီးသွားတယ်။ အမိုးခေါင်တွေ ပျက်စီးကုန်တယ်၊ နောက်တစ်နေ့တော့ မနက်ပိုင်း ၁၀ နာရီခွဲကနေ ၁၁ နာရီအထိ လေပြင်းတိုက်ခဲ့တယ်။ အဲဒီမှာလည်း အပျက်အစီးလေးတွေ ရှိခဲ့တယ်။ အကုန်လုံးစုစုပေါင်းကတော့ ၁၃၇ အိမ်လောက် ပျက်စီးသွားခဲ့တယ်။ အဲဒီထဲမှာ ၅ အိမ်ကတော့ လုံးဝပျက်စီးသွားတယ်။ အခုကအမိုးတွေ၊ အကာတွေလန်ပြီး နေအိမ်ပျက်သွားသူတွေကတော့ သူတို့နားက အိမ်တွေမှာ ခိုလှုံနေကြရတယ်။ နည်းနည်းပြုပြင်ပြီးတော့ နေလို့ရတဲ့အိမ်တွေကတော့ ပြင်ပြီးနေကြတာပေါ့” လို့  ပြောပါတယ်။

အဆိုပါပျက်စီးသွားတဲ့အိမ်တွေရဲ့ တန်ဖိုးကိုတွက်ချက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြထားတယ်လို့သိရပါတယ်။

စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စုပေါင်း ၇၇၅ စု လူဦးရေ  ၃၉၀၁ ယောက် ရှိပေမဲ့  စားနပ်ရိက္ခာထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေကတော့ အိမ်ထောင်စု ၇၃၃ စု လူဦးရေ ၃၅၇၈ ယောက်အတွက်ပဲ ထောက်ပံ့ပေးထားပါတယ်။

စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးညီပုက “ အခုဆိုရင် ပျက်စီးသွားတဲ့ တဲအိမ်တွေအတွက် မယကရုံးက ပျက်စီးစာရင်းတွေတောင်းတယ်။ ICRC ရုံးကပျက်စီးစာရင်းတွေ တောင်းတယ်။ အခုလောလောဆယ်တော့ ပျက်စီးဆုံးရှုံးသွားတဲ့ တဲအိမ်တွေရဲ့ တန်ဖိုးစာရင်းတွေကို တွက်ချက်ပြီးတင်ထားတယ်ပေါ့” လို့ ပြောပါတယ်။

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ယာစ် (YAAS)” ရဲ့ အရှိန်ကြောင့် ရခိုင်ပြည်နယ် ‌မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းအပါအ၀င် တခြားမြို့နယ်တွေရှိ စစ်ဘေးရှောင်စခန်းတွေမှာလည်း တဲအိမ်တွေ ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

3 weeks Ago

ဆိုင်ကလုန်း ‘ယာစ်(YAAS)’ အားကောင်းသည့်မုန်တိုင်းအဖြစ်ရောက်ရှိ၊ မြန်မာနိုင်ငံကို ဝင်ရန် မရှိ

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ‘ယာစ်(YAAS)’ဟာ မြန်မာနိုင်ငံကို ဝင်ဖို့မရှိဘဲ အဝါရောင်အဆင့် သတ်မှတ်လိုက်ပြီလို့  မိုး/ဇလဌာနရဲ့ ဒီနေ့ မနက် ၄ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။

‘ယာစ်(YAAS)’ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလာခဲ့ပြီး အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 ဆိုင်ကလုန်းမုန်တိုင်းဟာ နောက် ၄၈ နာရီမှာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေနဲ့ အနောက်ဘင်္ဂလားပြည်နယ်တို့ကြား ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

 လတ်တလောမှာတော့ မုန်တိုင်းဟာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် (၃၃၀)မိုင်ခန့် ၊ ပုသိမ်မြို့ရဲ့ အနောက်ဘက် ရေမိုင် (၃၃၅)မိုင်ခန့် ၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်မြို့ရဲ့ တောင်-အရှေ့တောင်ဘက်နဲ့ ဒီဂါမြို့ရဲ့ တောင်-အရှေ့တောင်ဘက်  ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။

‘ယာစ်(YAAS)’ရဲ့အရှိန်ကြောင့် ဒီနေ့မနက်မှ  နောက် ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်တွေမှာ  နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်ပြီး မိုးကြီးနိုင်သလို မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ  မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးမယ်လို့ အသိပေးထားပါတယ်။ 

 ဒါကြောင့် မိုးရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့်  ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုး/ဇလဌာနက ပြည်သူတွေကို သတိပေးထားပါတယ်။

3 weeks Ago

ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(Yaas)” ၂၄ နာရီအတွင်း ပိုမို အားကောင်းလာနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)ဟာ  သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “ယာစ်(Yaas)” အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ မိုးဇလဌာနက ဒီနေ့ မေလ ၂၄ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။ 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဟာ  မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် (၂၅၀)မိုင်ခန့် ၊ ပုသိမ်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်မြို့ရဲ့  အရှေ့တောင်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်နဲ့ ဒီဂါ(Digha)မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(Yaas)”ရဲ့ လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင် အဆင့် သတ်မှတ်ထားပြီး မုန်တိုင်း ဗဟိုချက်လေဖိအား (၉၉၂) ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်နှုန်းဖြစ်တယ်လို့ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(Yaas)”ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်းအား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic strom)“ယာစ်(Yaas)”အဖြစ်သို လည်းကောင်း၊  နောက်(၄၈)နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm)“ယာစ်(Yaas)”အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ယနေ့မနက်မှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။

မုတ္တမကွေ့၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမှာဖြစ်ကာ  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေ ကြိုတင် သတိပြုနိုင်ဖို့ မိုးဇလက  အသိပေးနှိုးဆော်ထားပါတယ်။

3 weeks Ago

အားကောင်းသောမုန်တိုင်းငယ် မြန်မာပြည်ဘက် ဦးတည်မည့်အခြေအနေမရှိသဖြင့် အဝါရောင် အဆင့် သတ်မှတ်

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) ရဲ့  လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတဲ့အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးဇလဌာနက ဒီကနေ့ မေလ ၂၄ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။ 

ယနေ့မြန်မာစံတော်ချိန် မနက် ၃ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression) ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ  မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၂၅၀ မိုင်ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၉၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ် (Paradip)မြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၂၉၀ မိုင်ခန့်နဲ့  ဒီဂါ(Digha)မြို့ရဲ့ တောင်- အရှေ့တောင်ဘက် ရေမိုင် ၃၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ရဲ့ ဗဟိုချက်လေဖိအား ၉၉၆ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ နှုန်း ဖြစ်ပါတယ်။

နောက် ၃၆ နာရီအတွင်းခန့်မှန်းချက် အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာနောက် ၁၂ နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း (Cyclonic strom)အဖြစ်သို့ လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းပါတယ်။

အားကောင်းသောမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီနေ့မနက်မှ နောက် ၄၈ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်လို့ မိုးကြီးတာ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။ 

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်တယ်လို့ဆိုပါတယ်။

အားကောင်းသောမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ သတိပြုကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

3 weeks Ago

ရက်ပိုင်းအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ဟု အိန္ဒိယ မိုးလေဝသဌာန ခန့်မှန်း

အိန္ဒိယ မိုးလေဝသဂြိုဟ်တုတွေရဲ့ မေလ ၁၉ ရက်နေ့အထိ တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းဧရိယာတွေမှာ လေဖိအားနည်းရပ်ဝန်းတခု အလားအလာတွေဖြစ်ပေါ်နေပြီး မေလ ၂၂ ရက် စနေနေ့ကနေ ၇၂ နာရီအတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်းတခု ဖြစ်ပေါ်လာနိုင်စရာရှိနေတယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီဆိုင်ကလုန်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဦးတည်ရွေ့လျားနိုင်စရာရှိပြီး  အိန္ဒိယနိုင်ငံ ဩရိသကမ်းခြေကို မေလ ၂၆ ရက်နေ့လောက်မှာ ဝင်ရောက်နိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ခန့်မှန်း  ဖေါ်ပြထားပါတယ်။

4 weeks Ago

ဘင်္ဂလားပင်လယ်အော်၌ နောက် ၂ ရက်အကြာ မုန်တိုင်းငယ်ဖြစ်နိုင်ဟု မိုးဇလထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်မှာ နောက် ၂ ရက်အကြာမှာ ဖြစ်လာမယ့် လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ မေလ ၂၀ ရက်မှာ   ထုတ်ပြန်ပါတယ်။

ဒီနေ့မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့မှာ မေ ၂၂ ရက်နေ့ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

4 weeks Ago

ထိုင်းတွင် ၂၄ နာရီအတွင်း မုန်တိုင်းဝင်ပြီး မိုးကြီး၊ လေပြင်းတိုက်၊ လှိုင်းထန်မည်ဟုသတိပေး

တောင်တရုတ်ပင်လယ်ပြင်က အနောက်တောင်မုတ်သုန်လေဟာ ခု ၂၄ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်အော်ဘက်ကို ဖြတ်သန်းလာဖွယ်ရှိလို့ ထိုင်းနိုင်ငံဒေသတချို့နဲ့ ပင်လယ်နားနီး ခရိုင်တွေမှာ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးလေထန်မယ်လို့ ထိုင်းမိုးလေဝသဌာနက ကနေ့ မနက် ၉ နာရီမှာ ထုတ်ပြန်ထားပါတယ်။ 

အထူးသဖြင့် ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသ၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးသက်လေပြင်းကျရောက်နိုင်ပြီး  ပင်လယ်ပြင်က လှိုင်းလုံးတွေဟာ အမြင့် ၂ မီတာ မှ ၃ မီတာထိ တက်လာနိုင်တာမို့ ပင်လယ်နားနီးပြည်သူတွေအနေနဲ့ လှေထွက်ရင်သတိထားဖို့ သတိပေး ထားပါတယ်။ 

ဒီနေ့မနက် ၆ နာရီမှ မနက်ဖန် မေလ ၂၁ ရက်မနက် ၆ နာရီတွင်းခန့်မှန်းချက်အရ ထိုင်းမြောက်ပိုင်းဒေသမှာ  အပူချိန်မြင့်မားပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း အထူးသဖြင့် ချင်းမိုင်၊ ကန်ဖိုင်ဖစ်၊ ဖိကျစ်၊ ဗိစနုလုတ်၊ ဖစ်ချ်ဘွန်းနဲ့ တာ့ခ်ခရိုင်တွေမှာ  အနိမ့်ဆုံးအပူချိန် ၂၃ - ၂၈ ဒီဂရီ စင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန် ၃၆ - ၄၀ စင်တီဂရိတ်ထိမြင့်မားပြီး အနောက်တောင်လေ တိုက်နှုန်းမှာ ၁ နာရီလျှင် ၁၀ မိုင်မှ မိုင် ၂၀ ထိရှိမယ်လို့ ဆိုပါတယ်။ 

ထိုင်းအရှေ့မြောက်ပိုင်းမှာ တိမ်ထူထပ်ပြီး မိုးရွာသွန်းမှု ၄၀ ရာခိုင်နှုန်းရှိကာ တချို့နေရာ လေပြင်းတိုက်နိုင်ကြောင်း၊ အထူးသဖြင့် လွေး၊ ချိုင်းယဖွန်း၊ ခွန်ကဲန်၊ ဥဒွန်းဌာနီ၊ နောင်ခဲ၊ နခွန်းရာ့ချ်ဆီမား၊ပူရီရမ်၊ ဆူရင်း၊ ဥဘွန်းရာ့ချ်ဌာနီ၊ ဆကွန်းနခွန်း၊ နခွန်းဖနုန်ခရိုင်မှာ မိုးရွာနိုင်ပြီး အပူချိန် အနိမ့်ဆုံး ၂၃ - ၂၆ ဒီဂရီစင်တီဂရိတ် နဲ့ အမြင့်ဆုံး ၃၆- ၃၉ စင်တီဂရိတ်ရှိကာ လေတိုက်နှုန်း ၁ နာရီလျှင် ၁၀ - ၂၀ ကီလို ထိရှိနိုင်တယ်လို့ ဆိုပါတယ်။

အလယ်ပိုင်းဒေသမှာ တိမ်ထူထပ်ပြီး မိုးရွာသွန်းမှု ၄၀ ရာခိုင်နှုန်းရှိကာ တချို့နေရာ လေပြင်းတိုက်နိုင်ကြောင်း၊ အထူးသဖြင့် ရာ့ချ်ပူရီ၊ ဆုဖန်းပူရီ၊ ကန်ကျနပူရီ၊ ဥထိုင်းဌာနီ၊ နခွန်းပထုန်၊ နခွန်းဆဝမ်၊ ဆမွတ်ဆုန်ခန်း နဲ့ ဆမွတ်ဆာခွန်းခရိုင်မှာ မိုးရွာနိုင်ပြီး အပူချိန် အနိမ့်ဆုံး ၂၄ - ၂၆ ဒီဂရီစင်တီဂရိတ် နဲ့ အမြင့်ဆုံး ၃၇- ၃၉ စင်တီဂရိတ်ရှိကာ လေတိုက်နှုန်း ၁ နာရီလျှင် ၁၀ - ၂၀ ကီလို ထိရှိနိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းအရှေ့ပိုင်းဒေသမှာတော့ တိမ်ထူထပ်ပြီး မိုးရွာသွန်းမှု ၆၀ ရာခိုင်နှုန်းရှိကာ တချို့နေရာ မိုးကြီးနိုင်ကြောင်း၊ အထူးသဖြင့် ချွန်းပူရီ၊ ကျန်ထပူရီ၊ လယောင်းနဲ့ တရတ်ခရိုင်တွေမှာ မိုးရွာနိုင်ပြီး အပူချိန်မှာတော့ အနိမ့်ဆုံး ၂၃ - ၂၅ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံး ၃၂ - ၃၇ စင်တီဂရိတ်ရှိကာ လေတိုက်နှုန်း ၁ နာရီလျှင် ၁၅ - ၃၅ ကီလို ထိရှိနိုင်ကြောင်း၊ ပင်လယ်ပြင်မှာတော့ လှိုင်းလုံးတွေ အမြင့် ၁ - ၂ မီတာထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ကိုးကား - https://www.bangkokbiznews.com/news/detail/939057

4 weeks Ago

မြန်မာနိုင်ငံကို ဉီးတည်မည့် ဆိုင်ကလုန်းမုန်တိုင်းတခု ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိ

မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက် ဘဂ်လားပင်လယ်ကွေ့အတွင်း လေဖိအားနည်းရပ်ဝန်း တခု စတင်ဖြစ်ပေါ်လာနေပီးလာမယ့် မေလ ၂၁ရက်နဲ့ မေလ ၂၇ရက်တွေအတွင်းမှာ  ဆိုင်ကလုန်းမုန်တိုင်းအနေနဲ့ တိုက်ခတ်လာနိုင်စရာရှိတယ်လို့ အိန္ဒိယ မိုးလေဝသဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

အဲဒီမုန်တိုင်း ပြင်းအားပမာဏကို ခန့်မှန်းဖို့ စောလွန်းနေသေးပေမယ့် ကွန်ပြူတာမော်ဒယ် ဖန်တီးမူတွေအရ အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တခုဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဉီးတည်တိုက်ခတ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

မြန်မာနိုင်ငံ မိုးဇလဌာန ဝက်ဘ်ဆိုက်မှာတော့ ဆိုင်ကလုန်းသတိပေးချက်လို့ ရေးသားထားပေမယ့် ထူးခြားမူမရှိနိုင်ဘူးလို့ ဖေါ်ပြထားပါတယ်။

4 weeks Ago

မိုဇမ်ဘစ်တွင် မုန်တိုင်းကြောင့် အဆောက်အအုံနှင့်ကောက်ပဲသီးနှံများ ပျက်စီး

ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က မိုဇမ်ဘစ်နိုင်ငံမှာ လူ အယောက် ၇ ထောင်နီးပါးကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဲလိုဝစ်စ်ကြောင့် ထောင်ချီတဲ့ အဆောက်အဦတွေနဲ့ ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့ပါတယ်။

 ခုတော့ မုန်တိုင်းဘေးကြောင့် ပျက်စီးမှုကို မှတ်တမ်းတင်တဲ့ ပထမဆုံး အသေးစိတ် အစီရင်ခံစာ ထွက်လာပါပြီ။

  မုန်တိုင်းဟာ မိုးတွေ သွန်ချသလို ရွာခဲ့အပြီး ကုန်းတွင်းပိုင်းကို ဆက်လက် ရွှေ့လျားခဲ့လို့ ဇင်ဘာဘွေ၊ ဆွာဇီလန်နဲ့ တောင် အာဖရိက နိုင်ငံတွေဆီ ဦးတည်ရင်း အားနည်းသွားခဲ့ပါတယ်။

 မိုဇမ်ဘစ်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့ ဘေးရာက လမ်းတွေ ရေလွှမ်းပြီး အဆောက်အအုံတွေ ပျက်စီးနေပုံကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က ဖြန့်ဝေတဲ့ ပုံတွေ ပြထားခဲ့ ပါတယ်။

 စုံစမ်းစစ်ဆေးအပြီး မုန်တိုင်းကြောင့် လူ ၁၂ ယောက် ဒဏ်ရာရပြီး လူ ၆၈၉၅ ယောက် ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ မိုဇမ်ဘစ် အမျိုးသားကပ်ဘေးစီမံခန့်ခွဲရေးနဲ့ လျော့ချရေး အဖွဲ့ INGDက ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။

 ဒေသတွင်း ဘူဇီခရိုင်ကတော့ လေတိုက်နှုန်း ၁ နာရီ ၁၅၀ ကီလိုမီတာထိ ပြင်းတဲ့ လေပြင်းတွေ ရိုက်ခတ်တာ ခံခဲ့ရပါတယ်။

 စိုက်ပျိုးမြေ ဟက်တာ ၁၄၀၀၀၀ ပါး၊ ကျောင်း ၉ ကျောင်းပျက်စီးပြီး တခြားကျောင်း ၁၇ကျောင်းနဲ့ ဆေးရုံ ၁၁ ရုံ ထိခိုက်ခဲ့တယ်လို့ INGD က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

5 months Ago

အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အီလွိုက်စ် မိုဇမ်ဘစ်နိုင်ငံကို ဝင်ရောက်

အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အီလွိုက်စ်ဟာ မိုဇမ်ဘစ်နိုင်ငံ အရှေ့ပိုင်းကနေ ဇန်နဝါရီ ၂၃ ရက်မှာ ကုန်းတွင်း ဝင်ရောက်ခဲ့ပါတယ်။ ဒါကြောင့် အာဖရိက အရှေ့တောင်ဘက်မှာ ရာသီဥတု ဆိုးရွားမယ့်ဘေးကို ရင်ဆိုင်နေရ ပါတယ်။  ဘေးရာမြို့ အနောက်တောင်ဘက် မိုင် ၆၀ အကွာကို မုန်တိုင်းဟာ ၁ နာရီ မိုင် ၆၀ လေတိုက်နှုန်း ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။ “မုန်တိုင်းမှာ အနောက်တောင်ဘက်ကို ဆက်လက်ရွေ့လျားပြီး အားပျော့သွားမယ်၊ အဲဒီနောက် ဇင်ဘာဘွေနိုင်ငံ တောင်ပိုင်းမှာ ဇန်နဝါရီ ၂၄ ရက် ဝင်ရောက်တိုက်ခတ်မယ်” လို့ မိုးလေဝသ ခန့်မှန်းထားပါတယ်။ မုန်တိုင်း လမ်းကြောင်းနဲ့ ပြင်းအားကတော့ လာမယ့်ရက်တွေအတွင်း အပြောင်းအလဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၂၃ မှာ မုန်တိုင်းအန္တရာယ် သတိပေးချက်ကို အဆင့် ၄ အဝါရောင် အဆင့် သတ်မှတ်ထားပြီး ဇန်နဝါရီ ၂၅ မှာတော့ အဆင့် ၉ ဖြစ်တဲ့ လိမ်မော်ရောင်အဆင့် သတိပေးချက်ကို တောင်အာဖရိက မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ ၂၄ နာရီအတွင်း မိုးရေချိန် ၇.၈၇ လက်မထိ ရွာနိုင်တယ်လို့ မိုဇမ်ဘစ် အမျိုးသား မိုးလေဝသ ဌာနက ပြောပါတယ်။  ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အိုင်ဒဲမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ ချိန်မှာ မိုဇမ်ဘစ်၊ မာလာဝီနဲ့ ဇင်ဘာဘွေ နိုင်ငံတွေတလွှား လူအယောက် ၁ ထောင်ကျော် သေဆုံးပြီး ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့သလိုမျိုး ထပ်ဖြစ်မှာကို စိုးရိမ်ပူပန်နေကြပါတယ်။
5 months Ago

မုန်တိုင်းသင့်ဒေသများကို ကပ်ဘေးသင့်ဇုန်အဖြစ် စပိန်အစိုးရ ကြေညာ

မုန်တိုင်း ဖှီလိုမေနာ အရင်အပတ်က ဝင်ရောက်တိုက်ခတ်တာခံခဲ့ရတဲ့ စပိန်နိုင်ငံရဲ့ မြို့တော် မဒရစ်နဲ့ တခြားဒေသတွေကို ကပ်ဘေးသင့်ဇုန်အဖြစ် စပိန်အစိုးရက ဇန်နဝါရီ ၁၉ ရက်မှာ ကြေညာလိုက်ပါတယ်။ ဒါဟာ အရေးပေါ် အမတော်ကြေးနဲ့ တခြားအထောက်အပံ့တွေကို စီစဉ်ပေးနိုင်ဖို့ လုပ်ရပ်တခုပါ။ မုန်တိုင်းကြောင့် ဆယ်စုနှစ်တွေအတွင်း အသည်းထန်ဆုံး နှင်းကျခဲ့ပြီး စပိန်မြို့တော်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံဖိုးထက် မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြို့တော်ဝန်ရုံးက ကနဦး ခန့်မှန်းထားပါတယ်။ အတိုက်အခံပါတီတွေကတော့ ကိန်းဂဏန်းကို အငြင်းပွားနေခဲ့တာပါ။ နှင်းခဲပုံတွေက ရေခဲတုံးတွေ ဖြစ်ကုန်တဲ့အပြင် လဲကျလာတဲ့ သစ်ပင်တွေကြောင့် ကားလမ်းတွေနဲ့ ရထားလမ်းတွေ ပိတ်ကုန်တဲ့အတွက် မဒရစ်မြို့တော်ဆီ ပို့တဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ ပြတ်တောက်ကုန်ပြီး ဈေးဆိုင်တွေက စင်တွေပေါ်မှာ ကုန်ပစ္စည်း ပြတ်လပ် ကုန်ပါတယ်။ နှင်းထုတွေကို ရှင်းပြီး မြို့ကိုပုံမှန် ပြန်လည်ပတ်နိုင်အောင်နဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအများစု ပြန်ပွင့်အောင် ရဲတွေ မီးသတ်သမားတွေနဲ့ စစ်တပ်ကပါ အင်အားထောင်ချီသုံးပြီး ပါဝင်ကူညီနေရပါတယ်။ ဒါပေမဲ့ လမ်းတွေ အများအပြားမှာ မရှင်းရသေးပါဘူး။ ဗုဒ္ဓဟူးနေ့ကစပြီး မိုးရွာနိုင်လို့ ရေကြီးပြီး နောက်ထပ် ပရမ်းပတာတွေ ဖြစ်နိုင်တယ်လို့ ဒေသန္တရအစိုးရက သတိပေးထားပါတယ်။
5 months Ago

မက်ဒရစ်မြို့တွင် နှင်းမုန်တိုင်းကြောင့် ယူရိုငွေ ၁ ဒသမ ၄ ဘီလီယံကျော်ဖိုး ပျက်စီးဆုံးရှုံး

သမိုင်းဝင် နှင်းမုန်တိုင်းကြောင့် မက်ဒရစ်မြို့ အပျက်အစီးတန်ဖိုးဟာ ယူရိုငွေ ၁ ဒသမ ၄ ဘီလီယံထက်မနည်း ရှိတယ်လို့ ဒေသအာဏာပိုင်တွေက ဇန်နဝါရီ ၁၄ ရက်မှာ ပြောဆိုပါတယ်။  ဒါက ကနဦးခ န့်မှန်းတန်ဖိုးဖြစ်ပြီး ကိန်းဂဏန်းက ဒီထက်ပိုမြင့်တက်နိုင်တယ်လို့  သတင်းစာရှင်းလင်းပွဲမှာ မက်ဒရစ်ဒုမြို့တော်ဝန်က ပြောဆိုပါတယ်။  သမိုင်းဝင်နှင်းမုန်တိုင်းကြောင့် မြို့ရဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်ခဲ့ပြီး လမ်းတွေမှာ မရှင်းလင်းရသေးတဲ့ အမှိုက်တန်ချိန် ၉,၀၀၀ ကျန်ရစ်ခဲ့ပါတယ်။ အမှိုက်ရှင်းလင်းတာကို ဇန်နဝါရီ ၁၂ ရက်မှာ ပြန်စတင်ခဲ့ပြီး  ၄၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ မြို့ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။  မက်ဒရစ်မြို့မှာ ဖလော်မီနာ နှင်းမုန်တိုင်းတိုက်ခတ်ပြီး ၃ ရက်အကြာ ဇန်နဝါရီ ၁၃ ရက်အထိ မြို့တော်လမ်းတွေရဲ့ ၁၅ ရာခိုင်နှုန်းမှာပဲ နှင်းနဲ့ ရေခဲတွေ ရှင်းလင်းရပါသေးတယ်။  နှင်းမုန်တိုင်းကြောင့် သစ်ပင်ပေါင်း တစ်သိန်းခွဲ လဲကျခဲ့ပြီး ကျန်ရှိသစ်ပင်တွေရဲ့ အခြေအနေကို စစ်ဆေးဖို့ ယူရိုငွေ ၁၅ သန်း စာချုပ်ကို မကြာခင် ချုပ်ဆိုသွားမယ်လို့ မက်ဒရစ် ဒုမြို့တော်ဝန်က သတင်းစာရှုင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ 
5 months Ago

နှင်းမုန်တိုင်းကြောင့်  ပိတ်မိနေသူများကို စပိန် ရဲတပ်ဖွဲ့က ကူညီကယ်ဆယ်

စပိန်နိုင်ငံ မြို့တော်မက်ဒရစ်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ရက်တွေအတွင်းက ကြီးမားတဲ့ နှင်းမုန်တိုင်း တိုက်ခတ်ခဲ့လို့ နှင်းတွေထဲမှာ ပိတ်မိနေတဲ့ ကားတွေကို ဆွဲထုတ်ရာမှာ စပိန် စစ်တပ်တပ်ဖွဲ့ (UME) က ဇန်နဝါရီ ၁၁ ရက်မှာ ကူညီခဲ့ရပါတယ်။  ရဲအရာရှိတွေနဲ့ အရေးပေါ် ကားတွေက ကားတွေထဲမှာ ပိတ်မိနေတဲ့ ဒါဇင်ချီတဲ့ လူတွေကို ကူညီခဲ့တာပါ။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့လို့ မက်ဒရစ်မြို့တော်မှာ ကျောင်းတွေ ပိတ်ထားဆဲ ဖြစ်ပြီး စူပါမားကတ်တချို့မှာ လတ်ဆတ်တဲ့ ကုန်စည်တွေ ပြတ်လပ်နေပါတယ်။ ဒါပေမဲ့ နှင်းမုန်တိုင်းကြီး တိုက်အပြီး ရထားနဲ့ လေကြောင်းခရီးစဉ် အများစုကတော့ ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲနေပါပြီ။ ရာသီဥတု ပိုအေးလာနေလို့ နှင်းတွေကနေ ရေခဲတွေ ဒီသီတင်းပတ်အတွင်း ဖြစ်လာနိုင်လို့ အာဏာပိုင်တွေက ပိုများတဲ့ လမ်းတွေပေါ်က နှင်းတွေကို ရှင်းဖို့ ကြိုးစားနေကြပါတယ်။  မက်ဒရစ်မြို့တော်ဟာ နှစ်ငါးဆယ်ထက်မနည်းအချိန်အတွင်း နှင်းထု အကြီးကျယ်ဆုံး ကျဆင်းခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ အပူချိန် ရေခဲမှတ်အောက် အနုတ် ၁၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ နိမ့်ကျနေတဲ့ အအေးလှိုင်းဟာ စပိန်အလယ်ပိုင်းကို ဖြတ်သန်းနေပြီး ကြာသပတေးနေ့အထိ ဆက်ရှိနေမယ်လို့ အာအေးမတ် မိုးလေဝသဌာနက ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးကလည်း လမ်းပေါ်က အခြေအနေတွေ တိုးတက်လာပေမယ့် လူအများအပြား နှင်းထဲမှာ ပိတ်မိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဖှီလိုမေနာ နှင်းမုန်တိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကုန်လို့ ခက်ခဲနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေးတွေနဲ့ စားနပ်ရိက္ခာတွေကို ဖြန့်ဖြူးဖို့ ယာဉ်တန်းတွေကို စေလွှတ်မယ်လို့ စပိန် အစိုးရက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ ကားတွေထဲမှာ ပိတ်မိနေတဲ့ လူ ၁၅၀၀ ဆီကို ရောက်ခဲ့ပြီး အခုချိန် ထိပ်တန်းဦးစားပေးက နှင်းတွေ ရေခဲဖွဲ့မလာအောင် ဟန့်တားဖို့လို့ ဆိုပါတယ်။ လာမယ့် ရက်တွေအတွင်း ရာသီဥတု ပိုအေးလာပြီး အအေးဒဏ်က ပိုကျလာတဲ့အပြင် နှင်းထု ရေခဲဖွဲ့တာနဲ့ ပျက်စီးသစ်ပင်တွေ ကျိုးကျတာတွေ ဖြစ်နိုင်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
5 months Ago

စပိန်တွင် ဖီလိုမေနာမုန်တိုင်းကြောင့် လူ ၄ ဦး သေဆုံး

စပိန်နိုင်ငံတလွှား ဖီလိုမေနာမုန်တိုင်း ဝင်ရောက် တိုက်ခတ်နေလို့ ဇန်နဝါရီ ၁၀ ရက်အထိ လူ ၄ ယောက် သေဆုံးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပရမ်းပတာ ဖြစ်နေပါတယ်။  ကားနဲ့ ခရီးသွားနေတဲ့ အမျိုးသား တဦးနဲ့ အမျိုးသမီး တဦးတို့ စပိန်တောင်ပိုင်း မြစ်ရေလျှံချိန်မှာ မျောပါသေဆုံးခဲ့ပြီး အိမ်ခြေမဲ့ ၂ ဦးက အေးခဲ သေဆုံးခဲ့တာပါ။  ဆယ်စုနှစ်တွေအတွင်း အသည်းထန်ဆုံး နှင်းကျခဲ့လို့ ပိတ်မိနေတဲ့ ကားမောင်းသူတွေကို ကယ်ဆယ်ရေးအတွက် အာဏာပိုင်တွေက တပ်ဖွဲ့တွေကို စေလွှတ်ခဲ့ရပါတယ်။ ကားတွေထဲမှာ ပိတ်မိနေတဲ့ လူအယောက် ၁၅၀၀ ကို ကယ်ဆယ်ရေးဌာနက ကယ်ထုတ်ခဲ့ရပါတယ်။ စပိန်အရပ်ဘက် ကာကွယ်ရေးရဲတပ်ဖွဲ့က အလောင်းရှာနေတဲ့ ရုပ်သံတွေကို ဖြန့်ချိခဲ့ပါတယ်။  နှင်းကြောင့် လမ်းပေါင်း ၆၅၀ ပိတ်ဆို့နေပြီး တချို့ယာဉ်မောင်းတွေ သောကြာညတည်းက စနေထိ ကားထဲမှာ ပိတ်မိနေခဲ့ပါတယ်။  လေဆိပ်တွေကို ထိန်းချုပ်တဲ့ လေကြောင်းထိန်းချုပ်ရေးဌာနကို သောကြာညကနေ စနေ တနေကုန်ထိ ပိတ်ထားရတယ်လို့ မြို့တော်မဒရစ်က ဘာရာဂျက်စ်လေဆိပ်က ပြောပါတယ်။  မဒရစ် မာလာဂါ တေနေရီဖှေနဲ့ ဈူးတာအပြင် မြောက်အာဖရိကဒေသက စပိန် ကိုလိုနီ တွေဆီ သွားတဲ့ လေကြောင်းခရီးစဉ် ၅၀ ထက် မနည်းကို ဖျက်သိမ်းထားရပါတယ်။  ဒါဟာ ၁၉၇၁ နောက်ပိုင်း အသည်းထန်ဆုံး နှင်းကျတာလို့ စပိန် မိုးလေဝသဌာနက ပြောပါတယ်။  နှင်းထုဟာ မြို့တော် မဒရစ်မှာ လက်မ ၂၀ ထိ ကျခဲ့ပြီး ၁၉၆၃ နောက်ပိုင်း အကြီးဆုံး နှင်းကျတာလို့ စပိန်အမျိုးသားရေဒီယိုက မိုးလေဝသ ပညာရှင်က ပြောပါတယ်။  
5 months Ago

နှင်းမုန်တိုင်းကြောင့် ပိတ်မိနေသည့် ယာဉ်မောင်းများကို စပိန်စစ်တပ် ကယ်ဆယ်

စပိန်နိုင်ငံမြို့တော် မက်ဒရစ်မှာ ဇန်နဝါရီ ၈ ရက်က ဖီလော်မီနာ နှင်းမုန်တိုင်းတိုက်ခတ်လို့ လမ်းတွေပိတ်ဆိုပြီး မက်ဒရစ်လေဆိပ်ကိုလည်း ပိတ်ထားပါတယ်။   ယာဉ်မောင်းထောင်ချီ  ကားထဲမှာ ပိတ်မိနေပြီး  ပိတ်မိနေတဲ့ ယာဉ်မောင်းတွေကို စစ်တပ်က ကယ်ဆယ်ခဲ့ရပါတယ်။  နှင်းမုန်တိုင်းကြောင့် ယာဉ်အသွားအလာ ပိတ်ဆို့နေတဲ့ လမ်းမကြီးပေါင်း ၄၀၀ ကျော်မှာ  မက်ဒရစ်မြို့အနီးက M-30  နဲ့ M-40 မော်တော်ကား လမ်းမတွေလည်း ပါဝင်တယ်လို့ ယာဉ်ထိန်းရဲတွေက ဆိုပါတယ်။  မကြုံစဖူး နှင်းမုန်တိုင်းတွေ တိုက်နေတာမို့လည်း ပြည်သူတွေကို မလိုအပ်ဘဲ ခရီးမသွားဖို့ ညွှန်ကြားထားပါတယ်။  ဇန်နဝါရီ ၈ ရက်က  စုစုပေါင်းနှင်းထု  ၈ လက်မ အထိကျခဲ့ပြီး အပူချိန်ဟာလည်း  ကျဆင်းကာ ရေခဲမှတ်ဝန်းကျင်မှာ ရှိတယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းပါတယ်။  စပိန်မြောက်ပိုင်း  ဗက်ကာဒေးလောင်းဒက်စ် အရပ်မှာတော့ အပူချိန် စံချိန်တင် ကျဆင်းပြီး အနုတ် ၃၅ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်ရှိတယ်လို့  မိုးလေဝသပညာရှင်တွေက ပြောပါတယ်။ 
5 months Ago

ဂျပန်အလယ်ပိုင်း အဝေးပြေးလမ်းမတွင် နှင်းမုန်တိုင်းကြောင့် ယာဉ်စီးရေ ၁,၀၀၀ ခန့် ပိတ်မိ

ဂျပန်နိုင်ငံအလယ်ပိုင်း အဝေးပြေးလမ်းမ တစ်ခုမှာ အားပြင်းတဲ့ နှင်းမုန်တိုင်းကြောင့် ဒီဇင်ဘာ ၁၈ ရက်က  ယာဉ်စီးရေ ၁,၀၀၀ လောက် ပိတ်မိနေတယ်လို့ NHK သတင်းက ထုတ်လွှင့်ပါတယ်။ နာအီဂါတာနဲ့ ဂန်မာစီရင်စုတွေမှာ ဆီးနှင်းအလွန်ကျခဲ့တာပါ။  အဝေးပြေးလမ်း တာဝန်ရှိသူတွေက ဆီးနှင်းရှင်းလင်းရေးလုပ်ပြီး မော်တော်ကားတွေသွားလို့ ရအောင် လုပ်ပေမဲ့ နာအီဂါတာကို သွားမယ့် ယာဉ်တွေဟာ ပိတ်မိနေဆဲပါ။ ယာဉ်တွေထဲမှာ ပိတ်မိပြီး နေထိုင်မကောင်းဖြစ်တာကြောင့်  အရေးပေါ် မီးသတ်ဌာနကို အကြောင်းကြားတာတွေ ရှိခဲ့ပြီး  လူ ၃ ယောက်ကို ဆေးရုံပို့ခဲ့ရတယ်လို့  ဒေသမီးသတ်တပ်ဖွဲ့က ဆိုပါတယ်။  ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း ကားလမ်းပိတ်ဆို့ရာ နေရာကို သွားရောက်ပြီး အစားအစာ ၊ ဓာတ်ဆီနဲ့ စောင်တွေ ဝေငှပေးခဲ့ပါတယ်။ 
6 months Ago

အမေရိကန်တွင် နှင်းမုန်တိုင်းဝင်ပြီး အများပြည်သူပို့ဆောင်ရေးထိခိုက်

အမေရိကန်အရှေ့ကမ်းရိုးတန်းဒေသကို ဒီဇင်ဘာ ၁၆ ရက်က နှင်းမုန်တိုင်း ဝင်ခဲ့တာမို့  ပင်ဆာဗေးနီးယားပြည်နယ်မှာ ပို့ဆောင်ရေးလုပ်ငန်းတွေ ထိခိုက်ပြီး ယာဉ်အသွားအလာတွေ ကသောင်းကနင်း ဖြစ်ခဲ့ပါတယ်။   နေ့လယ်ပိုင်းမှာ နှင်းမုန်တိုင်းကြောင့်   ဝါရှင်တန်မှာ အေးစက်တဲ့ နှင်းမိုးရွာပြီး   နယူးယောက်၊ မေရီလန်း၊ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယားနဲ့ ပင်ဆာဗေးနီးယား ပြည်နယ်တွေရဲ့ နေရာတချို့မှာ  လေပြင်းပါတဲ့  နှင်းတွေ ကျခဲ့ပါတယ်။  နှင်းတွေတဖွဲဖွဲ ကျနေတာကြောင့် ပင်ဆာဗေးနီးယားအရှေ့ပိုင်းကနေ နယူးယောက် Catskill Mountains အထိ နှင်းထု ၂  ပေအထိ ကျနိုင်ပြီး ကျန်တဲ့ အရှေ့မြောက်ပိုင်း ဒေသတွေမှာတော့ နှင်းထု ၁ ပေ အောက် ဒါမှမဟုတ် ဒီထက် ပိုကျဆင်းနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ဆိုပါတယ်။  ဒါကြောင့် ဒေသအာဏာပိုင်တွေက ကားမောင်းသူတွေကို ကား မမောင်းဖို့နဲ့ ဒေသခံတွေကို အိမ်ထဲမှာပဲ နေဖို့ တိုက်တွန်းခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။  
6 months Ago

ဘေရွတ်မြို့တွင် မိုးသီးမုန်တိုင်း တိုက်ခတ် (ရုပ်သံ)

လက်ဘနွန်နိုင်ငံရဲ့မြို့တော် ဘေရွတ်မှာ ဒီဇင်ဘာ ၅ ရက်က မိုးသီးမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့လို့ တချို့နေရာတွေက လမ်းတွေ ဖြူဖွေးသွားပြီး ရေဘေးသင့်ခဲ့တဲ့အတွက် ဒေသခံတွေ အံ့အားသင့်ခဲ့ကြပါတယ်။  လမ်းတွေထဲမှာ မိုးသီးတွေ ပြည့်နေပြီး မိုးသီးတွေ မျောပါနေတဲ့ ရေတွေ လမ်းတလျှောက် စီးဆင်းနေတဲ့ ပုံရိပ်တွေကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်ပါတယ်။  ဘေရွတ်မှာ မိုးသီးမုန်တိုင်း နောက်ဆုံးကျခဲ့တာ ၁၉၆၈ ခုနှစ်ကလို့ လက်ဘနွန် မိုးလေဝသ ဟောကိန်းဌာန တည်ထောင်သူ အီးလီးယပ်စ်ဆာဒါက မီဒီယာကို ပြောပါတယ်။  သြဂုတ် ၄ ရက် ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုကြောင့် လူ ၃ သိန်း အိုးအိမ်မဲ့ ဖြစ်နေချိန်မှာ နှင်းနဲ့ မိုးတွေ ရွာကျခဲ့တာလည်း ဖြစ်ပါတယ်။ 
6 months Ago

ရမ်မန်သာပူရမ်ခရိုင်အနီး ကမ်းခြေတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် ဆက်လက်တည်ရှိ

အိန္ဒိယနိုင်ငံ ရမ်မန်သာပူရမ် ခရိုင်အနီးကမ်းခြေမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် သိသိသာသာရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ဒီနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။  နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၈ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ ရှမ်းပြည်နယ်မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။ ရန်ကုန်မြို့နဲ့အနီးတဝိုက်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး နေပြည်တော်၊ မန္တလေးမြို့တို့နဲ့အနီးတဝိုက်တွေမှာတော့ သာယာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
6 months Ago

သီရိလင်္ကာသို့ အပူပိုင်းမုန်တိုင်းဝင်

အပူပိုင်းမုန်တိုင်း ဘူရေဗီဟာ သီရိလင်္ကာ အရှေ့ဘက်ကမ်းရိုးတန်းကို ဒီဇင်ဘာ ၂ ရက်ညက ဝင်ရောက် တိုက်ခတ် သွားပါတယ်။  ဒါကြောင့် ကမ်းရိုးတန်း တလျှောက်က အဆောက်အအုံတွေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပျက်စီးမယ်၊ရုတ်တရက် ရေကြီးတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းပါတယ်။ မုန်တိုင်းက တစ်နာရီကို  ၅၆ မိုင်နှုန်းနဲ့ကမ်းရိုးတန်းဆီ ဦးတည်လာကတည်းက အာဏာပိုင်တွေက နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းက လူ ၇၅၀၀၀ ကို သူတို့ အိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းထားခဲ့ပါတယ်။ မုန်တိုင်းလမ်းကြောင်းနားမှာ နေကြတဲ့သူတွေလည်း  အခန်းတွင်းမှာပဲ နေကြဖို့ ကပ်ဘေးစီမံခန့်ခွဲရေးဌာနက အကြံပြု တိုက်တွန်းထားပါတယ်။ မုန်တိုင်းကြောင့် တချို့နေရာတွေမှာ မိုးရေချိန် ၈ လက်မကျော်ထိ ရွာနိုင်တယ်လို့ သီရိလင်္ကာမိုးလေဝသဌာန အကြီးအကဲက ပြောပါတယ်။ မုန်တိုင်းဒဏ် အဆိုးဆုံး ခံရတဲ့ ထရင်ကိုမာလီခရိုင်ထဲက ရွှေ့ပြောင်းခံလူတွေကို ကယ်ဆယ်ရေးဌာန ၂၃၇ ဌာနဆီမှာ ရွှေ့ပြောင်းထားပြီး မုန်တိုင်းပြီးတဲ့အထိ နေခိုင်းထားပါတယ်။ သန်းချီတဲ့လူတွေ နေထိုင်ရာ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းခရိုင်တွေက အာဏာပိုင်တွေက သောကြာနေ့ထိ ကျောင်းတွေကို ပိတ်ထားပါတယ်။ ဒီနေ့မနက်တော့ မုန်တိုင်းလမ်းကြောင်းက နိုင်ငံအနောက်မြောက်ဘက် အာရေဗီးယန်း ပင်လယ်ဆီ ဦးတည်သွား နေပြီလို့ မိုးလေဝသဌာန အကြီးအကဲက ပြောပါတယ်။
6 months Ago

မုန်တိုင်းငယ် ထရီကိုမာလီမြို့နှင့် ကန်ညာကူမာရီမြို့တို့၏ ပင်လယ်ပြင်ကို ဗဟိုပြုနေ

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၉၀ မိုင်လောက်နဲ့ အိန္ဒိယနိုင်ငံ၊ ကန်ညာကူမာရီမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၆၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာတော့ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁ ရက်မနက်အထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီး နဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာမှာဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ လေပြင်းများတိုက်ခတ်စဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်၊ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ၆ ပေမှ ၉ ပေခန့်နဲ့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၃ ပေမှ ၅ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
7 months Ago

လေဖိအား နည်းရပ်ဝန်း ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအား နည်းရပ်ဝန်း နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုဇလက ဒီနေ့ညနေ ၄ နာရီ ထုတ်ပြန်ပါတယ်။ မုန်တိုင်းငယ်အဖြစ် ရောက်ရှိပြီး အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ဒီဇင်ဘာ ၂ ရက်နေ့ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး ကမ်း‌ခြေအနီး ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။ မနက်ဖြန်မနက်အထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်နဲံ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့်သာယာမယ်လို့ ခန့်မှန်းပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင်လေဟာ တစ်နာရီ လျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၆ ပေမှ ၉ ပေခန့်၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၃ ပေမှ ၅ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်း မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေ ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
7 months Ago

လေဖိအားနည်းရပ်ဝန်း ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ မနက်ဖြန်မနက်အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ် (မြောက် ပိုင်းနဲ့ တောင်ပိုင်း) တို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ နေပြည်တော်၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ၆ ပေမှ ၉ ပေခန့်နဲ့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၃ ပေမှ ၅ ပေခန့် ရှိနိုင်ပါတယ်။ ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့နဲ့ အနီးတဝိုက်မှာ မနက်ဖြန်မနက်အထိခန့်မှန်းချက်အရ အများအားဖြင့် သာယာမယ်လို့ ဆိုပါတယ်။
7 months Ago

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း နီဗာ အိန္ဒိယ ပူဒူချယ်ရီကမ်းခြေအနီး ဝင်ရောက်

မြန်မာစံတော်ချိန် ၀၃:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “နီဗာ” ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ပူဒူချယ်ရီ ကမ်းခြေအနီးမှ ဖြတ်ကျော်ဝင်ရောက်နေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင် နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ဒီညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ် တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ နေပြည်တော်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်ကတော့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မျာ ညအပူချိန်များအနည်းငယ် တိုးလာနိုင်ပါတယ်။ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရနေပြည်တော်နဲ့ အနီးတစ်ဝိုက်မှာ အများအားဖြင့် သာယာမှာဖြစ်ပြီး ရန်ကုန်မြို့၊ မန္တလေးမြို့တို့နဲ့ အနီးတစ်ဝိုက်တွေမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
7 months Ago

မုန်တိုင်းငယ် မြန်မာဘက် ဦးတည်မည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့် သတ်မှတ်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ရဲ့ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်နဲ့ ချင်းနိုင်မြို့ရဲ့ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၃၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ ဒီနေ့မြန်မာစံတော်ချိန် ၁၀ နာရီခွဲ တိုင်းထားချက်အရ မုန်တိုင်းငယ်ဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။ မုန်တိုင်းငယ်ဟာ မြန်မာစံတော်ချိန် ၁၀:၃၀ နာရီ အချိန်က မြောက်လတ္တီကျု ၉.၃ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၈၄.၅ ဒီဂရီမှာရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၄ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီ မိုင် ၃၀ နှုန်း ဖြစ်ပါတယ်။ အဆိုပါ မုန်တိုင်းငယ်ဟာ နောက် ၁၂ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်လည်ကောင်း၊ နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ် လည်ကောင်း ရောက်ရှိနိုင်ပြီး အနောက် မြောက်ဘက်ကို ရွေ့လျားကာ၊ နိုဝင်ဘာ ၂၅ ရက်နေ့ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး ကမ်းခြေနဲ့ ပူဒူချယ်ရီ ကမ်းခြေအနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ နိုဝင်ဘာ ၂၄ ရက်မနက်အထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ အများအားဖြင့်သာယာမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်က မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်။ နောက်  ၂ ရက်အတွင်းမှာလည်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ်တိုးလာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
7 months Ago

လေဖိအားနည်းရပ်ဝန်း ၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်

ဒီနေ့မနက် ၅ နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး နောက် ၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ အများအားဖြင့်သာယာပြီး ကျန်တိုင်းနဲ့ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်က မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၇ လောက် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ညအပူချိန်များ အနည်းငယ် တိုးလာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
7 months Ago

လေဖိအားနည်းရပ်ဝန်း ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းကို ရောက်ရှိခဲ့ပြီဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ အီကွေတာ အနီး အိန္ဒိယသမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းကို ရောက်ရှိခဲ့ပြီး နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနေ့ ညနေအထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းမှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ဧရာဝတီတိုင်း၊ ချင်းနဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်နဲ့ ကရင်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၄ ပေမှ  ၇ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
7 months Ago
More News
Up