DVB Logo
Home
မြန်မာသတင်း
ရွှေအသင်းက ရွှေအလေးချိန်စံနှုန်း ကွင်းဆင်းစစ်ဆေးမည်
DVB
·
July 11, 2025
ရွှေအသင်းက ရွှေအလေးချိန်စံနှုန်း ကွင်းဆင်းစစ်ဆေးမည်
Donate to DVB

ရွှေဆိုင်တွေမှာ အသုံးပြုနေတဲ့ ရွှေအလေးချိန်တွေဟာ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားတဲ့ ရွှေအလေးချိန်စံနှုန်း သတ်မှတ်ချက်ကို လိုက်နာမှုရှိမရှိ ကွင်းဆင်းစစ်ဆေးမှုတွေ ဇူလိုင်လအတွင်း ပြုလုပ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်က ထုတ်ပြန်ကြေညာပါတယ်။

အသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ ရွှေဆိုင်တွေဟာ သတ်မှတ်ထားတဲ့ (တကျပ်သား = ၁၆.၃၂၉၃၂၅ ဂရမ်) စနစ်သစ်အတိုင်း ရောင်းဝယ်မှုတွေ ပြုလုပ်ခြင်း ရှိမရှိ၊ စနစ်သစ်နဲ့ ရောင်းဝယ်ကြောင်း ပိုစတာကပ်ထားခြင်း ရှိမရှိနဲ့ စနစ်သစ်ချိန်ခွင် အသုံးပြုထားခြင်း ရှိမရှိတို့ကို ကွင်းဆင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွှေဆိုင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့သာ ရောင်းဝယ်ရမှာဖြစ်ပြီး ရောင်းချတဲ့ ရွှေအရည်အသွေးကလည်း ဘောက်ချာမှာ ဖော်ပြထားတဲ့အချက်နဲ့ ကိုက်ညီရမယ်လို့လည်း အသင်းက သတိပေးထားပါတယ်။

ဒီသတ်မှတ်ချက်တွေကို လိုက်နာခြင်းမရှိတဲ့ ကုန်သည်နဲ့ လုပ်ငန်းရှင်‌တွေအပေါ် အရေးကြီး ကုန်စည်ဝန်ဆောင်မှုဥပဒေ (ပုဒ်မ ၅)၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ တို့အရ ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့လည်း အသင်းက ထပ်မံ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ရန်ကုန်မြို့က ရွှေဆိုင်တချို့ဟာ သူတို့အနေနဲ့ စကစက သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေး၊ အလေးချိန်စနစ်သစ်အတိုင်း ရောင်းချနေပြီလို့ လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့ကြပေမဲ့ အမှန်တကယ်မှာတော့ ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းမရှိဘူးလို့ လူမှုကွန်ရက် သုံးစွဲသူတွေက မှတ်ချက်ပေးကြပါတယ်။

ဇူလိုင် ၁၁ ရက်မှာ ရည်ညွှန်းဈေးက ရွှေတကျပ်သားကို ၅,၈၉၀,၀၀၀ ကျပ် သတ်မှတ်ပေမဲ့ ပြင်ပပေါက်ဈေးကတော့ ၇,၈၆၀,၀၀၀ ကျပ် ရှိနေပါတယ်။

တဖက်မှာတော့ စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တွေကို သတ်မှတ်ရည်ညွှန်းဈေး ကျော်လွန်ရောင်းချလို့ အရေးယူနေတာ ရှိပါတယ်။

မကြာသေးခင်က ရန်ကုန်မြို့နဲ့ မန္တလေးက ရွှေကုန်သည် ၁၀ ယောက်ကို အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ တို့နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013