DVB Logo
Home
မြန်မာသတင်း
သမ္မတထရမ့်ပ်ထံ စစ်ခေါင်းဆောင် စာပြန်ခဲ့သည့်အပေါ် အမေရိကန်ရောက် မြန်မာ့အရေး လှုပ်ရှားသူများတုံ့ပြန် 
DVB
·
July 11, 2025
သမ္မတထရမ့်ပ်ထံ စစ်ခေါင်းဆောင် စာပြန်ခဲ့သည့်အပေါ် အမေရိကန်ရောက် မြန်မာ့အရေး လှုပ်ရှားသူများတုံ့ပြန် 
Donate to DVB

မြန်မာပို့ကုန်အပေါ် အခွန်နှုန်းထားတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းဖို့ လိုအပ်ရင် အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့ကို အမြန်ဆုံး စေလွှတ်ပေးသွားမယ်လို့ စစ်ခေါင်းဆောင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဆီကို ပြန်လည်ပေးပို့ခဲ့တဲ့စာနဲ့ ပတ်သက်ပြီး အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက တုံ့ပြန်ပြောဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မြန်မာ အပါအဝင် ၁၄ နိုင်ငံကို သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံဖို့ ဇူလိုင် ၇ ရက်မှာ အသိပေး အကြောင်းကြားစာ ပို့ထားတာပါ။

သမ္မတထရမ့်ပ်က မြန်မာကနေ အမေရိကန်နိုင်ငံဆီ တင်ပို့မယ့် ကုန်ပစ္စည်းတွေအတွက် အခွန်နှုန်းထားကို ၄၀ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ထားပြီး အဲဒီနှုန်းထားကို ပြန်လည်ပြင်ဆင်ပေးဖို့ စစ်ခေါင်းဆောင်က ဇူလိုင် ၁၀ ရက် နေ့စွဲနဲ့ အကြောင်းကြားစာ ပြန်ပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံက ပို့ကုန်တွေအပေါ် အမေရိကန်အနေနဲ့ အခွန် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအတွင်း ကောက်ခံပေးသွားဖို့ စာထဲမှာဖော်ပြထားပြီး အဲဒီလိုတောင်းဆိုတာဟာ ငလျင်ဘေး အပါအဝင် သဘာဝဘေးဒဏ်တွေကြောင့် ခက်ခဲနေတာတွေကို စစ်ခေါင်းဆောင်က အကြောင်းပြထားပါတယ်။

အမေရိကန်နိုင်ငံက ပို့ကုန်တွေကိုတော့ မြန်မာနိုင်ငံက သုညကနေ ၁၀ ရာခိုင်နှုန်းအကြား ချိန်ညှိကောက်ခံမယ်လို့ စစ်ခေါင်းဆောင်က အဆိုပြုထားပါတယ်။

အခွန်နှုန်းထားတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းဖို့ လိုအပ်ရင် အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့ကို အမြန်ဆုံး စေလွှတ်ပေးသွားမယ်လို့လည်း စစ်ခေါင်းဆောင်ရဲ့စာမှာ ဖော်ပြပါတယ်။

လော့စ်အိန်ဂျလိစ်မြန်မာလှုပ်ရှားမှုအဖွဲ့ LA2M မှ ဂျိမ်းစ်ရွှေက “ညှိနှိုင်းပြီးတော့ ဆွေးနွေးမယ်ဆိုတာ သမ္မတထရမ့်ပ်က ရေးတဲ့စာထဲမှာ ညှိနှိုင်းမယ်ဆိုတာ အရိပ်အယောင်တောင် မပါဘူးဗျ။ ပြီးတော့မှ အခုထက်ထိ စစ်တပ်ကို တရားဝင်အနေနဲ့ အသိအမှတ်ပြုတဲ့ဥစ္စာ အရိပ်အယောင်တောင် မပါပါဘူး။ နောက် ကိုယ်စားလှယ်အဖွဲ့ လွှတ်ပြီးတော့ ဆွေးနွေးမယ် ဆိုတာက ဒီစာအပေါ်မှာ အခွင့်ကောင်းယူပြီးတော့ သူတို့ရဲ့တရားဝင်မှုကို ကမ္ဘာကို ကြော်ငြာချင်တဲ့သဘောပဲ ရှိပါတယ်။ သမ္မတထရမ့်ပ် ရေးတဲ့စာထဲမှာ အဲဒါတွေလည်း အရိပ်အယောင်တောင် မပါဘူးပေါ့။ ကမ္ဘာကို ငါတို့ကို အမေရိကန်သမ္မတကြီးကိုယ်တိုင် စာရေးပြီးတော့ အသိအမှတ်ပြုပါတယ် ဆိုတာကို အထင်အမြင်မှားအောင် လုပ်ပြီးတော့ ရေးတဲ့စာ၊ တကယ်တမ်းက ဒီ Tariff Notice ဆိုတာက ဒဏ်ပေးတဲ့သဘောမျိုးပဲ။ နင်တို့တိုင်းပြည်က သွင်းကုန်တွေကို ငါတို့ အခွန်ပိုကောက်မယ် ဆိုတာလေ။ အဲဒါကို Invitation for Dialogue ဆိုတာ ဆွေးနွေးဖို့ကမ်းလှမ်းတဲ့စာ ဆိုပြီးတော့ သူတို့အဓိပ္ပာယ်ဖွင့်ပြီးတော့ ညာတာပေ့ါဗျာ။ အာဏာသိမ်းတာရော ပြည်သူတွေကို ဖိနှိပ်တာရော ဆန်ရှင်တွေအကြောင်းရောက ဒီစာတွေထဲမှာ ဘာမှ အရိပ်အယောင်တောင် မပါဘူးပေါ့နော်” လို့ ပြောပါတယ်။

၂၀၂၀ မတိုင်ခင် အမေရိကန်အစိုးရရဲ့ ကုန်သွယ်ခွန်ကောက်ခံတဲ့ မှတ်တမ်းတွေအရ နိုင်ငံထဲကို တင်သွင်းတဲ့ ကုန်ပစ္စည်းရဲ့တန်ဖိုးနဲ့ အမျိုးအစားအလိုက် အခွန်နှုန်းထား ကွာခြားချက်ရှိပေမဲ့ သာမန်ကုန်ပစ္စည်းတွေကို အခြေခံအားဖြင့် ၅ ရာခိုင်နှုန်းထက် မပိုတဲ့ နှုန်းထားနဲ့သာ အခွန်ကောက်ခံလေ့ရှိတာ ဖြစ်ပါတယ်။

သမ္မတထရမ့်ပ်ရဲ့ ပထမသက်တမ်း ကိုဗစ်-၁၉ ကာလ ၂၀၂၀ ဝန်းကျင်မှာ တရုတ်နိုင်ငံအပေါ် သတ်မှတ်ခဲ့တဲ့ သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်းဟာ မှတ်တမ်းတွေထဲမှာ အမြင့်ဆုံးနှုန်းထား ဖြစ်ခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီကို ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ စာပေးပို့ခဲ့တဲ့ သမ္မတထရမ့်ပ်ရဲ့ လုပ်ရပ်ဟာ အမေရိကန်အစိုးရ အဆက်ဆက် နိုင်ငံခြားရေးမူဝါဒနဲ့ သွေဖည်နေပြီး စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ထားပြီးသား အစုအဖွဲ့တခုကို ထိတွေ့ဆက်ဆံတဲ့သဘော ဖြစ်နေခဲ့တာပါ။

မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ အဓိကစီးပွားရေးပြိုင်ဘက် တရုတ်နဲ့ နယ်မြေချင်း ထိစပ်နေတာ၊ မြန်မာနိုင်ငံထဲက စက်ရုံအလုပ်ရုံ အများစုကို တရုတ်နိုင်ငံသားတွေက ပိုင်ဆိုင်နေတာတွေကြောင့် အခုလို အခွန်နှုန်းထား အဆမတန်ကောက်ခံဖို့ သမ္မတထရမ့်ပ်က ပြင်ဆင်တာလည်း ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

Save Myanmar-USA မှ ကိုရင်အေးက “ထရမ့်ပ်ရဲ့ စိတ်ဝင်စားမှုတွေကလည်း ရှိတယ်၊ မြန်မာပြည်မှာ၊ ဆိုတော့ ဒီအချက်အပေါ်မှာ စစ်ကောင်စီကလည်း အခွင့်အရေးကို အသုံးချတယ်လို့ သုံးသပ်လို့ရတယ်။ သေချာတာကတော့ အဲဒီလိုအနေအထားတွေဟာ စစ်ကောင်စီရဲ့ လော်ဘီတွေကလည်း တော်တော်ထဲထဲဝင်ဝင် ပေါက်ရောက်နေပြီဆိုတာ ကျနော်တို့က သုံးသပ်ကြည့်လို့ရတယ်။ အဲဒါကြောင့်မို့လို့လည်း ဒီဘက်မှာရှိတဲ့ အစုအဖွဲ့တွေအနေနဲ့ ဒီကိစ္စကို ချက်ချင်းပဲ စာတစောင်ရေးပြီးတော့ နိုင်ငံခြားရေးနဲ့ ကွန်ဂရက်စ်ကို ပို့ထားတာရှိတယ်။ ဒီကိစ္စမှာ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရတဲ့ တိုင်းပြည်က ခေါင်းဆောင်တယောက်၊ ဆန်ရှင်ထဲမှာပါတဲ့ သူတယောက်ကို ဆက်ဆံတယ်ဆိုတဲ့ကိစ္စ စာတော့ရေးထားတယ်။ ဒါပေမဲ့ အဲဒါတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ မသိသေးဘူး။ ကျနော်တို့ဘက်က ကန့်ကွက်စရာရှိတာ ကန့်ကွက်ထားတာပေါ့နော်။ စစ်ကောင်စီကတော့ ဒါ သူတို့အတွက် အခွင့်အရေးပဲ ဆိုပြီးတော့ အခွင့်အရေးယူတာပေါ့နော်။ ဒါတော့သေချာတယ်။ တရုတ်က သူ့ကို ဆန်ရှင်လုပ်လာပြီဆိုရင် သူကနေပြီးတော့မှ တဖက်လှည့်နဲ့ လက်ဝေခံတိုင်းပြည်တွေဖြစ်တဲ့ လာအိုတို့ မြန်မာတို့က နေပြီးတော့မှ Made In China မဟုတ်တော့ဘဲ Made In Myanmar၊ Made In Laos လိုမျိုး လုပ်လာနိုင်တဲ့အတွက် စီးပွားရေးအရ ကြိုပိတ်ထားတာမျိုး ဒါမျိုးလည်း သုံးသပ်လို့ရနိုင်တယ်။ သူတို့ပြန်ရေးတဲ့စာမှာတော့ အကြောင်းအရာတွေက မှားပါတယ်။ အဓိပ္ပာယ်မရှိတာ ၄၄ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း လျှော့ပေးတယ်ဆိုတာ ဒါ ဟုတ်မှမဟုတ်တာ” လို့ ပြောပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာ သမ္မတထရမ့်ပ်က သွင်းကုန်အခွန်တိုးကောက်ဖို့ သတိပေး အကြောင်းကြားစာ ပေးပို့တဲ့ နိုင်ငံ ၁၄ နိုင်ငံထဲမှာ မြန်မာနဲ့ လာအိုကို ၄၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနဲ့ ထိုင်းကို ၃၆ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆားဘီးယားကို ၃၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားကို ၃၂ ရာခိုင်နှုန်း၊ တောင်အာဖရိကနဲ့ ဘော့စနီးယား-ဟာဇီဂိုဗီးနားတို့ကို ၃၀ ရာခိုင်နှုန်း၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ကာဇက်စတန်နဲ့ တူနီးရှားတို့ကို ၂၅ ရာခိုင်နှုန်းစီ သတ်မှတ်ဖော်ပြထားပါတယ်။

၁၄ နိုင်ငံမှာ ၉ နိုင်ငံဟာ အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ကပ်လျက်တည်ရှိတဲ့ မြန်မာနဲ့ လာအိုတို့ကို နှုန်းထားအများဆုံး ကောက်ခံဖို့ သတ်မှတ်ထားတာ တွေ့ရပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013